"ထိပ်ထား ကျွန်တော့်ကို စဉ်းစားပေးမယ်မဟုတ်လား" လို့ နေသန်က ပြောတုန်းက မြ လိုလိုချင်ချင်နဲ့ ခေါင်းညိတ်ပြခဲ့ပေမဲ့ အိမ်ပြန်ရောက်တဲ့အခါမှာ အဲဒါတွေက ယိမ်းယိုင်ခဲ့ရပြန်တယ်။ ဦးဦးက ဆေးရုံက နေ ပင်ပင်ပန်းပန်းပြန်ရောက်လာပေမဲ့ မြအတွက် စားစရာတွေချက်ပြုတ်ပေးပြီး မြဆံပင်တွေကို စိတ် ရှည်လက်ရှည်စည်းပေးနေတဲ့အခါ မြဟာ နေသန့်ကို မေ့သွားမိပြန်တယ်။
"ဦးဦး.."
"အင်း မြ။ ဘာဖြစ်လို့လဲ စားမကောင်းဘူးလား။ တစ်ခုခုသွားစားချင်လား"
ဦးဦးအဖြေကြောင့် မြ ရင်ထဲမကောင်းဖြစ်သွားတယ်။ တကယ်က ဦးဦး ဒီနေ့ ခွဲစိတ်မှု နှစ်ခုတောင်ရှိခဲ့ တယ်လို့ သိထားတော့ မြ အတွက်နဲ့ အပြင်သွားပေးမယ့် ဦးဦးကိုကြည့်ပြီး ရင်ထဲနင့်လာမိတာ အမှန်ပဲ။
"မဟုတ်ပါဘူး။ မြစဉ်းစားတာလေ။ ဦးဦးနဲ့ပဲ တစ်သက်လုံး နေသွားရင် ကောင်းမလားလို့"
ဦးဦး မျက်နှာက ချက်ချင်းတည်သွားတာကြောင့် မြ သက်ပြင်းကြိတ်ရှိုက်လိုက်တယ်။
"မြ ဘာတွေစဉ်းစားနေတာလဲ။ မြန်မာပြည်က မြ အလုပ်တွေ ဘယ်လိုလုပ်မလဲ၊ မြ ၃ လ ခွင့်ယူလာတာ ကိုတော့ ကိုယ်ဘာမှမပြောပါဘူး။ မြ အတွက်လည်း အချိန်လိုမယ်ဆိုတာသိတယ်။ ဒါပေမဲ့ ကိုယ်နဲ့ နေဖို့ ဆိုတာက မဖြစ်နိုင်ဘူးမှန်း မြသိပါတယ်"
"ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ မြ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ မေမေတို့ပြောလည်း ပြောပါစေပေါ့။ ဦးဦး လောက် မြ အပေါ်ကောင်းမယ့်သူရှိနိုင်ပါဦးမလား"
ဦးဦးက ခက်ရင်းနဲ့ ဓားကိုချထားလိုက်ပြီး အလေးအနက် ပြောတော့မယ့်ပုံစံကြောင့် မြဝမ်းနည်းသွားရ တယ်။ ဦးဦးဟာ မေမေတို့နဲ့ ပတ်ဝန်းကျင်အမြင်ကို ကြောက်နေတုန်းပဲ။
"ဦးဦး.. မြကို လက်မခံချင်လို့လားဟင်"
"မြထိပ်ထားလေး။ ကိုယ်နဲ့ တစ်သက်လုံး နေသွားချင်တဲ့ အကြောင်းရင်းကို ပြန်စဉ်းစားပါဦးလေ။ လန်ဒန်မှာ နေချင်တာနဲ့ပဲ ကိုယ်နဲ့ နေဖို့ မလိုအပ်ပါဘူး"
"ဦးဦး.. မြ လန်ဒန်ကို ဂရုမစိုက်ဘူး။ ဦးဦးရှိနေလို့ လာတာလို့။ မြ သိပြီ။ ဦးဦးက မြကို တစ်ခုလပ်ဆိုပြီး အထင်သေးနေတာပဲ"
YOU ARE READING
စိမ်းလန်းနွေဦး / စိမ်းလန်းနွေဦး