Chapter (8)

7.2K 1.2K 8
                                    

လူငယ်လေးသည် စာကြည့်ဆောင်၌ ညနေစာပင် မစားဘဲ အတိုင်းသား အိပ်ပျော်သွားပြန်သည်။ သူအိပ်နေသည်က ငြိမ်းအေးလွန်း၍ လုရှောင်ဖုန်းမှာ နှိုးရခက်သွားသည်။

"ဒေါင်. . .''

ညအဆောင်ပြန် အချက်ပေးသံကြားရချိန်၌ လုရှောင်ဖုန်းသည် သူလုပ်ဆောင်စရာရှိသည့် အရေးကိစ္စတစ်ခုကို သတိရသွားသည်။

မည်သို့မှမတတ်နိုင်ချေ။ စာအုပ်ကိုလက်စသတ်၍ ဝတ်ရုံတော်ကို ချွတ်ကာ လူငယ်လေး၏ကိုယ်၌ လွှမ်းပေးလိုက်သည်။ ဆောင်း၏ အအေးဓာတ်အကြွင်းက ခြုံစောင်မရှိဘဲ ဖြတ်သန်းရန်ခက်မည်။

မတော်တဆ နိုးလာလျှင် အဆောင်ပြန်၍ ရစေရန် ရည်ရွယ်ချက်ဖြင့် လုရှောင်ဖုန်းသည် သူ၏ အမိန့်တော်တံဆိပ်ပါ ကျောက်စိမ်းအဝိုင်းကို နံဘေး၌ အသာချပေးထားလိုက်သည်။

ဥာဏ်ကောင်းသော လူငယ်လေးက မြင်လျှင် သေချာပေါက် သိရော့မည်။

"ကောင်းကောင်းအိပ်. . .အိပ်ပုတ်လေး. . .တကယ် ကိုယ်တော် နန်းတွင်းမှာ မနာလိုဆုံးက မင်းပဲ''

လုရှောင်ဖုန်းသည် စာကြည့်ဆောင်မှ သူ၏ အဆောင်တော်သို့ ခပ်မြန်မြန် ခြေလှမ်းကျယ်တို့ဖြင့် လှမ်းလာသည်။ ထုံးစံအတိုင်း နောက်တော်ပါး၌ ရံရွေတော်တို့ မရှိ။

"အရှင်. . .''

ခေါ်ဝေါ်လိုက်သံကြောင့် လုရှောင်ဖုန်း ခြေလှမ်းကို တုံ့ခနဲရပ်ကာ လှည့်ကြည့်လိုက်သည်။

"ကောင်းဖန်''

လရိပ်အောက်၌ ကောင်းဖန်၏ မျက်နှာက အသိရခက်စွာ လေးနက်နေသည်။

"အရှင်. . .ညကြီး အချိန်မတော် တစ်ယောက်တည်း သွားနေတာအန္တရာယ်များလှပါတယ်''

လုရှောင်ဖုန်းက ခပ်ဖျဖျ ပြုံးလိုက်ပြီး-

"ကိစ္စမရှိပါဘူး၊ မောင်မင်းက ကိုယ်ရံတော်တပ်ဖွဲ့မှူးတာဝန်ယူထားတာပဲ၊ ကိုယ်တော် ဘာများ စိုးရိမ်ရဦးမှာလဲ''

ကောင်းဖန်၏ အကြည့်များမှာ သိသာစွာ စူးရဲသွားသည်။ သို့သော် ခဏချင်းပင် ထိုအရိပ်များ ပျောက်ရှပြီး ရိုကျိူးသော သွင်ဟန်က အစား ဝင်လာသည်။

Victorious Emperor (Complete) Where stories live. Discover now