Chapter 21 (Final)

16.2K 1.6K 104
                                    

တစ်လခန့် အကြာတွင် ဟန်အင်ပါယာနန်းတွင်း၌ ဖြစ်ပွားခဲ့သော ပုန်ကန်မှုအတွက် အဓိကအပြစ်သားများ ဖြစ်သော လက်ဝဲအမတ်ကြီး၊ လက်ယာအမတ်ကြီးနှင့် နောက်လိုက်အချို့ကို ဘုရင်မင်းမြတ်က နယ်နှင်ဒဏ် ချမှတ်၍ အပြစ်ပေးခဲ့သည်။

ထိုပြစ်ဒဏ်သည် ပေါ့လျော့သော ပြစ်ဒဏ်ဖြစ်သည်။

ချောင်းအမတ်ကြီးမှာ သူ၏သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အကြီးအကျယ်နောင်တရသွားလေသည်။

၎င်းတို့နှစ်ယောက်လုံးမှာ အချိန်အတော်ကြာ တိုင်းပြည်ကို ကြီးစိုးခြယ်လှယ် ဂုတ်သွေးစုပ်ခဲ့သူများ ဖြစ်၍ လူအများမှာ ထိုပြစ်ဒဏ်ကို စောဒကတက်ခြင်းမရှိကြ။ အပေါင်းအပါ အမတ်များမှာလည်း ဦးကျိုး၍သွားလေသည်။ ၎င်းတို့သည် ဘုရင်မင်းမြတ်ကို ဆန့်ကျင်ရန် နောက်ထပ် အတွေးမရှိတော့။

လုရှောင်ဖုန်းသည် ကိုယ်ရံတော် တပ်ဖွဲ့မှူးကောင်းဖန်ကို ခေတ္တအချုပ်၌ နေစေကာ ရာထူးတစ်ဆင့်သာလျှော့၍ နေမြဲအတိုင်း ကောင်းအိမ်တော်ကို စီမံခွင့်ပေးခဲ့သည်။

ပိုင်ရှင်းဝူကို အသေသတ်ရန် ကြိုးပမ်းသည့်အတွက် လုရှောင်ဖုန်းက ကောင်းဖန်အား ခွင့်မလွှတ်နိုင်သည့်တိုင် သူက တိုင်းပြည်၏ အနာဂတ်ကို ချင့်ချိန်၍ ကောင်းအိမ်တော်ကို မဖြိုခွဲလိုပေ။

ကောင်းဖန်က ဘုရင်မင်းမြတ်၏ အမိန့်ကို ငြင်းဆန်သည်။ သူ့ကိုလည်း နယ်နှင်ဒဏ်ပေးရန်သာ တွင်တွင်လျှောက်တင်သည်။ သူသည် နောင်တရသွားပြီ ဖြစ်သည်။ မုဟွာကို ဇနီးမယားလို ချစ်မေတ္တာသက်ဝင်ခြင်း မရှိသည့်တိုင် ထိုမိန်းမငယ်လေးလောက်မှ တိုင်းပြည်အပေါ် ထည့်မတွေးသော သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်အောင် ဖြစ်မိသည်။

"မင်းအတွက် ပြစ်ဒဏ်ပဲ ကောင်းဖန်၊ တိုင်းပြည်ကို ပိုပေးဆပ်ပါ၊ ကောင်းအိမ်တော်က ယုံကြည်ကိုးစားရတဲ့ အိမ်တော်ကြီး တစ်ခုအနေနဲ့ ရပ်တည်ပါ၊ မှန်ကန်မျှတစွာနဲ့ အမှုတော်ထမ်းပါ''

"အရှင်. . .''

"မုဟွာကလည်း မင်းကို ဒီလိုပဲ တိုက်တွန်းမယ်လို့ ကိုယ်တော်ထင်တယ်၊ သူမရဲ့စွန့်လွှတ်မှုကို မင်းကတကယ်ပဲ အချည်းနှီး ဖြစ်စေတော့မလို့လား''

Victorious Emperor (Complete) Where stories live. Discover now