Chapter (14)

6.9K 1.2K 78
                                    

ကောလာဟလဟူသည် ပျံ့နှံ့မှု မြန်ဆန်တတ်သည့် သဘောရှိသည်။ နောက်ကွယ်မှ ချုပ်ကိုင် ဖန်တီး၍ ကြိုးဆွဲနေခြင်းသာဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ။

မကြာမီပင် ဘုရင်မင်းမြတ်သည် ချို့ယွင်းနေပြီး မစွမ်းဆောင်နိုင်ဟုသော သတင်းစကားသည် နန်းတော်၏ တံတိုင်းမြင့်မြင့်ကို ကျော်လွန်ကာ ဟန်အင်ပါယာမြို့တော် အဝှမ်းပျံ့သွားသည်။

မြို့တော်၌ နေထိုင်သူ ပြည်သူတို့မှာ စျေးထဲ၊ လမ်းထဲ စသဖြင့် ခပ်စုစုလူအုပ်ရှိသည့် နေရာတိုင်းတွင် ထိုအထူးအဆန်းသတင်းကို ပြောဆိုနေကြသည်။

သတင်းသည် အချိန်မီသာ မတားဆီးလျှင် ဟန်အင်ပါယာတစ်ခုလုံး ပျံ့သွားမည့် အရိပ်အယောင်ပင် ရှိသည်။

ဤသည်မှာ အမတ်တို့ဘက်က ညီလာခံတက်ရောက်ချိန် ကန့်သတ်လိုက်သည့် ကိစ္စကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ကျိုးကြောင်းဆက်စပ်တတ်သူမည်သူမဆို ဘုရင့်ကို ထိုးနှက်လိုက်ခြင်းကို ထင်ရှားစွာ မြင်နိုင်သည်။

လက်ဝဲအမတ်ကြီးလည်း ဖြစ်နိုင်သည်။ လက်ယာအမတ်ကြီးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် လက်ဝဲ၊လက်ယာအမတ်ကြီးနှစ်ပါးလုံး ပူးပေါင်းကြံစည်သည်လည်း ဖြစ်နိုင်သည်။

ထိုသတင်းသည် နာမကျန်းဖြစ်၍ အဆောင်တော်၌ အနားယူလဲလျောင်းနေရသည့် မိဖုရားကြီးထံပင် ပေါက်ကြားသွားသည်။ သူမခမျာ နန်းတွင်းသမားတော်ကိုပါ ဆင့်ခေါ်၍ အစွမ်းထက် ဆေးအမည်တို့ သားဖြစ်သူအတွက် ဖော်စပ်ပေးရန် ညွှန်ကြားရသည်။

ကောင်းအိမ်တော်၌မူ မုဟွာသည် သတင်းကို ကြားရသည့်အခါ ဤကိစ္စသည် ချင့်ချိန်၍သာ ယုံကြည်သင့်ကြောင်း သဘောပေါက်သည်။ ပြီးပြည့်စုံနေသော သွင်ဟန်၊ ခံ့ညားတည်ကြည်သော မျက်နှာ၊ မိုးကောင်းကင်ကိုပင် စိန်ခေါ်ရဲလောက်သည့် အရှိန်အဝါနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ ပြည့်လျှမ်းနေသော အရှင်သည် ထိုသို့ဖြစ်သည်ဆိုသည်မှာ ယုံရခက်ခက်။

ကောင်းဖန်သည် မုဟွာကို ဇနီးတစ်ယောက်ထက် သူ၏ ညီမလေးလိုသာ ပြုမူဆက်ဆံသည်။ ယခုလည်း သူ နန်းတွင်းဝင်ခါနီး အတွေး၌ နစ်မျောနေသော မုဟွာကိုကြည့်၍ ပြုံးကာမေးလိုက်သည်။

Victorious Emperor (Complete) Where stories live. Discover now