၁ (U+Z)

144 8 4
                                    

ကားပေါ်မှ ဆင်းသည်နှင့် မိုးသဲ၏ မျက်နှာတစ်ဝိုက် လေပြင်းများဝေ့ခနဲ တိုက်ခတ်သွားသည်။ ပြင်ဦးလွင်၏ ချမ်းစိမ့်စိမ့် သန်းခေါင်ရံရာသီဥတုကြောင့် ကြက်သီးမွေးညှင်းများထောင်ထလာရ၏။ ကားအလုံပိတ်ထဲတွင် မသိသာသော်ငြား အပြင်ထွက်လိုက်သည်နှင့် ခိုက်ခိုက်တုန်လာရသည်။

မင်းခသည် သူ့ထက်အရင် ကားပေါ်မှအလျင်အမြန်ဆင်းကာ ခြံတံခါးပြေးဖွင့်သည်။

မိုးသဲ မတ်တတ်ရပ်နေရင်းမှ ချမ်းစိမ့်လာသောကြောင့် လက်နှစ်ဖက်ကို ကျစ်ကျစ်ပိုက်လျက် ဘေးပတ်ဝန်းကျင်ကို စူးစမ်းမိသည်။ ပထမဦးဆုံးရောက်ဖူးသောနေရာပင်။

ပြတ်တောင်းပြတ်တောင်းဖြစ်နေသည့် ဝါကျင့်ကျင့်မီးသီးများကြောင့်သာ လမ်းကိုမြင်ရခြင်းဖြစ်၏။ တောအုပ်ကဲ့သို့ အုပ်မှိုင်းနေသည့် ဘေးပတ်ဝန်းကျင်သည် ဝါးတားတားမျှသာ။ တိတ်ဆိတ်ငြိမ်သက်လွန်းနေသည့် နေရာကြောင့် ကျောပင်နည်းနည်းချမ်းမိသည်။

"မိုးသဲ ကားထဲပြန်ဝင်၊ ဘာထွက်လုပ်တာလဲ"

မင်းခ မိုးသဲကိုလှမ်းအော်သည်။ မိုးသဲ ကားထဲကို မြန်မြန်ပြန်ဝင်လိုက်ရင်း မင်းခကို နှာခေါင်းရှုံ့ပြလိုက်သည်။ ဘာမှမဟုတ်ဘဲ လာ‌အော်နေသည်ပင်။

မင်းခသည် ကားထဲပြန်ဝင်လာကာ ခြံထဲသို့ မောင်းဝင်လိုက်သည်။ လရောင်သည် ဤနေရာကို မျက်ကွယ်ပြုထားသကဲ့သို့ မည်သည့်အရာကိုမျှ ကောင်းစွာမမြင်ရပါ။ ထို့ကြောင့် ဟိုဟိုသည်သည် လျှောက်မကြည့်တော့ဘဲ မျက်လုံးမှိတ်ထားလိုက်၏။ ဖြစ်ခဲ့သမျှ အရာအားလုံးကို ခဏတဖြုတ်တော့ မျက်ကွယ်ပြုထားလိုက်ချင်သည်။

"အိမ်ကတော်တော် ဝေးသေးတာလား"
မိုးသဲ မျက်လုံးမှိတ်ထားရင်းမှ မေးလိုက်၏။

"ဟုတ်တယ်၊ ဒါပေမဲ့ အဲ့လောက်ကြီးလည်း မဝေးပါဘူး၊ ရောက်ခါနီးပြီ၊ အိပ်ချင်နေပြီလား"

"နည်းနည်းပါ"

လေထုသည် ပြန်လည်တိတ်ဆိတ်သွားသည်။ ဒီလို ရေခဲတုံးကြီးကို ရည်းစားတော်ရတာ ကောင်းသည့်အချက်လည်း ရှိသလို မကောင်းတာလည်းရှိသည်။ မကောင်းတာကတော့ မင်းခသည် သူ့လူနာများနှင့်ဆိုလျှင်တော့ မျက်နှာထားသည် ပျားရည်နှင့်သကာရည်ပေါင်းသုတ်ထားသလို ချိုလှသည်။ သူနှင့်ဆိုလျှင်တော့ စကားနည်းသည်ဟု ထင်မိသည်။ ဒါကတော့ မိုးသဲအတွေးသက်သက်ပါ။

စိန်ပန်းနီနီWhere stories live. Discover now