မိုးသဲ၏ ရင်ဘတ်အစုံသည် နိမ့်ချည်မြင့်ချည်လှုပ်ရှားလျက် မောပန်းနေ၏။ တစ်ကိုယ်လုံးချွေးများဖြင့် စိုရွဲလျက် ရေနစ်နေသလို အသက်ရှူ၍မဝချေ။ နားထဲ၌ လေတိုးသံများကြားနေရကာ ဝေဝေဝါးဝါးငိုငြီးသံများကို ကြားနေရ၏။ အမြင်အာရုံသည် မဟူရာလွှမ်းလျက် ရှေ့တည့်တည့်တွင်ရှိသည့် နီရဲရဲအပင်ကြီးကိုသာ ထင်ထင်ရှားရှားမြင်နေရသည်။ သူထိုအပင်ကို မြင်ဖူးပါသည်။
ထိုအရာက ဘာလဲ။ လူတစ်ယောက်၏ ပုံရိပ်ပါလား။ အရိပ်သက်သက်ပဲလား။ သူမြင်ဖူးသည်။ လူတစ်ယောက်၏ နောက်ကျောပုံ။
ထိုပုံရိပ်သည် လှုပ်ရှားလာသည်။
“ဇွဲ”
“ဇွဲ”
“ဇွဲ ငါစောင့်နေသေးတယ်နော်”သူရှေ့တိုးကြည့်သည်။ ထိုလူသည် သူ့အားနောက်ကျောပေးလျက် စကားတတွတ်တွတ်ဆက်ပြောနေသည်။ သို့သော် သူမကြားနိုင်တော့။
လေပြင်းများသည် ပတ်ပတ်လည်တွင် အငြှိုးကြီးစွာ တိုက်ခတ်လာ၏။သူ့ရှေ့တွင် ဖြစ်နေသည့် ပုံရိပ်သည် ပို၍ဝေဝါးလာသည်။ ထို့နောက် ဆူညံနေသည့် အသံများသည် နားစည်ပေါက်ထွက်တော့မယောင် ပို၍ကျယ်လောင်လာကာ သူသည်လည်း နောက်ကမ္ဘာတစ်ခုကို ရောက်ရှိသွားတော့သည်။
ပထမဆုံး ခြေထောက်မှနာကျင်မှုကို စတင်ခံစားလိုက်ရ၏။ ထို့နောက် လှုပ်ရှား၏မရသော လက်တစ်ဖက်။ ခြောက်ကပ်နေသော လည်ချောင်းနှင့် နှုန်းချိနေသော ခန္ဓာကိုယ်၊ ကိုက်ခဲနေသော ဦးခေါင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ခံစားလိုက်ရသည်။
သူဘယ်ရောက်နေသလဲ။ မျက်လုံးကို အားပြုဖွင့်ကြည့်တော့ သန်းခေါင်ရံလမိုက်ညကဲ့သို့ မှောင်မိုက်နေသည့် မျက်နှာကျက်ကို မြင်လိုက်ရသည်။
“မိုးသဲ နိုးပြီလား”
ဘေးတွင် ထိုင်နေသည့် မင်းခကို သူသတိမထားမိပါချေ။
“မိုးသဲ မင်း ဖျားနေပြီ၊ မေ့လဲသွားတာလေ၊ မှတ်မိလား”
သူခေါင်းကိုသာ ခပ်ဖွဖွညိတ်ပြလိုက်၏။ ထိုအရာများသည် မိုးသဲ၏ သိစိတ်ကိုကြီးစိုးနေရုံမက မသိစိတ်ကိုပါခြယ်လှယ်ချင်တိုင်း ခြယ်လှယ်နေတော့သည်။ လူမရှိဘဲ ကျကွဲသည့် ပန်းကန်လုံး၊ အမည်မသိအသံများနှင့် ငိုငြီးသံများသည် ပြန်တွေးလိုက်လျှင်ပင် ခြောက်ခြားဖွယ်ကောင်းလှ၏။
YOU ARE READING
စိန်ပန်းနီနီ
Horrorထာဝရဆိုတာ တစ်သက်စာပဲလား... မဟုတ်ဘူး ကမ္ဘာအဆက်ဆက်... #horror #romance (ဖျော်ဖြေရေးသက်သက်သာ ချဲ့ကားရေးထားခြင်းဖြစ်သည်။)