ခွမ်း!
အောက်ထပ်မှအသံ။
မိုးသဲ ဂွမ်းဘောင်းဘီရှည်ကို ခပ်သွက်သွက်ဝတ်လိုက်ရင်း အောက်ထပ်သို့ ပြေးဆင်းလိုက်သည်။
အာ့!
ခြေဖဝါးမှ စူးခနဲ။
မင်းခ စာရွက်ဖိရန်သုံးခဲ့သည့် ထမင်းစားပွဲပေါ်တွင်ရှိခဲ့သော ပန်းကန်လုံးအလွတ်သည် လှေကားအဆုံးတွင် ကျကွဲလျက်။ ထို အကွဲစတစ်ခုသည် ပြေးဆင်းလာသော မိုးသဲ၏ ခြေထောက်ကို ထိုးခွဲလိုက်၏။
နောက်ဆုံးလှေကားထစ်ပေါ်တွင် ဖင်ထိုင်လျက် ကျသွားပြီးနောက် ညာခြေကို ဘယ်ခြေဒူးပေါ်တင်ကာ ကြည့်လိုက်သည်။ သွေးခြင်းခြင်းနီလျက်။ ဒဏ်ရာမှ သွေးများသည် ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျနေ၏။ ထိုနာကျင်မှု အလျောက် ပန်းကန်ကွဲအစသည် အသားထဲသို့ တော်တော်နက်မည်ဟု ခန့်မှန်းမိသည်။ မိုးသဲ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပါချေ။
မိုးသဲ ဒီအတိုင်းထိုင်နေ၍လည်း မဖြစ်တာကြောင့် အားတင်းကာ ဧည့်ခန်းတွင်ရှိသည့် ဆေးဘူးကို တစ်လှမ်းချင်းသွားယူလိုက်သည်။ ခြေထောက်ကို တတ်နိုင်သလောက် မြောက်ထားသော်ငြား သွေးများသည် ကြမ်းပြင်တွင် အစင်းလိုက် တစ်စက်စက်ဖြင့် ဆေးခြယ်နေသလိုပင်။ အညိုရောင်ကြမ်းပြင်ပေါ်တွင် သွေးနီနီများသည် အပုတ်ရောင်သမ်းလျက်။
ဆေးဘူးရပြီဆိုသော်ငြား မိုးသဲ ဘာဆက်လုပ်ရမှန်းမသိ။ သူ မထိဘဲနဲ့တောင် သည်လောက်နာနေလျှင် ခြေထောက်ထဲဝင်နေတဲ့ ပန်းကန်ကွဲစကို ဘယ်လိုတောင် ဆွဲထုတ်ရပါ့မလဲ။ ဒီလိုအချိန်မျိုးတွင်တော့ သူ့ရည်းစားဖြစ်သူ မင်းခကို သတိရပါ၏။
အသက်အောင့်ကာ ညှပ်ဖြင့်ဆွဲထုတ်လိုက်တော့ ပန်းထွက်လာသည့် သွေးများ။ ထိုသွေးများကို တွေ့သည့်ပက်တီးဖြင့် မြန်မြန်သုတ်လိုက်ရင်း ဆေးနီထည့်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောများ တဆတ်ဆတ်တုန်သွားသည်အထိ စပ်၏။ အံကျိတ်ထားသော်လည်း မျက်ရည်များသည် ပါးပြင်ပေါ်သို့ လှိမ့်ကျလာခဲ့သည်။ နဖူးပြင်တွင်လည်း ချွေးများစိမ့်ထွက်လာတော့သည်။
YOU ARE READING
စိန်ပန်းနီနီ
Horrorထာဝရဆိုတာ တစ်သက်စာပဲလား... မဟုတ်ဘူး ကမ္ဘာအဆက်ဆက်... #horror #romance (ဖျော်ဖြေရေးသက်သက်သာ ချဲ့ကားရေးထားခြင်းဖြစ်သည်။)