*Zawgyi*
အတူတူနေဖို့ ဘယ်လောက်ထိဝေးရမလဲ
အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ...။
အနည်းငယ်သာအေးချမ်းသော နတ်တော်လမှသည် အအေးဓာတ်အနည်းငယ်အကဲပိုသွားသည့် "မီးပူပူ ကင်မဝ လပြာသိုဆောင်း"သို့ရောက်ရှိလာခဲ့လေပြီ။
ပြာသိုဆောင်းက ချမ်းတုန်နေရသည့်အထဲ မနက်စောစော မွန်းတည့်မရောက်တရောက်အချိန်တွင် တောင်ပေါ်စေတီလေးပေါ်မှာ လိုတာထက်ပို၍ အအေးပိုနေလေတော့သည်။
ဆောင်းလေတဖြူးဖြူးတိုက်ခတ်နေသည့် ရန်ပြေငြိမ်းဟုခေါ်သော တောင်ပေါ်စေတီလေးအပေါ်သို့ရောက်အောင် ကောင်လေးနှစ်ယောက်အတူတူ အဖြူရောင်လှေကားထစ်များမှတစ်ဆင့်တက်လှမ်းလာခဲ့သည်။
ဒီမနက် သဟာက နက်ကိုဘုရားသွားမယ်ဆိုပြီးအတင်းဆွဲခေါ်လာတာ။ မနေ့ကအဖြစ်မှန်ကိုပြောပြပြီးနောက်ပိုင်း သဟာတစ်ယောက် အတော်ကြာစဉ်းစားတွေဝေဆွံ့အသွားခဲ့သောကြောင့် တစ်ယောက်နဲ့တစ်ယောက်လုံးဝစကားမပြောဖြစ်ခဲ့ကြ။ဒီမနက်ရောက်မှသာ သဟာက နက်၏ဂူရှေ့ကိုလာပြီး ဘုရားသွားဖို့လာခေါ်ခြင်းဖြစ်သည်။
လူသူအရောက်အပေါက်နည်းလှသော ဘုရားစေတီလေးကို ကရနက်က အခါကြီးရက်ကြီးမှဖြစ်ဖြစ် ထူးခြားသောနေ့မှဖြစ်ဖြစ် ထိုနေ့များမှသာလာလေ့ရှိသည်။အမေ့မွေးနေ့တို့၊သူ့မွေးနေ့တို့မှသာ ဒီဘုရားကိုလာပြီး ကုသိုလ်ပြုလေ့ရှိတာ။အခုတော့ ကရနက်မှာ သဟာ့ပူဆာမှုကြောင့် ဘုရားပေါ်ရောက်လာခဲ့ရပြီ။မိတ်သဟာက ဘာစိတ်ကူးပေါက်မှန်းမသိဘဲ နက်ကိုဘုရားကိုဆွဲခေါ်လာခဲ့တာ။ကမန်းကတန်းသွားမယ်ထလုပ်တော့ ကရနက်မှာရိုးရာပလိုင်းလေးတစ်လုံးကို ဆွဲမိဆွဲရာကောက်ဆွဲ၍ ထထွက်လာခဲ့တော့သည်။
ဘုရားရင်ပြင်ရောက်တော့ တနင်္လာထောင့်မှာ အတူတူထိုင်ချလိုက်ကြသည်။ ကရနက်ကထုံးစံအတိုင်း ဘုရားရောက်ပြီဆိုတော့ ဦးသုံးကြိမ်ချကာ ဘုရားအရင်ရှိခိုးသည်။သဟာလည်း ထိုနည်းလည်းကောင်း။
ကရနက်က ဘုရားရှိခိုးတာကြာတတ်တာမို့ သဟာဘုရားရှိခိုးပြီးသည်အထိ ကရနက်မှာမပြီးနိုင်သေး။ထိုအခါ သဟာက ဘုရားရှိခိုးနေသောကရနက်ကို တစ်လှည့်၊ဆည်းလည်းသံတညံညံနှင့်သပ္ပါယ်လှစွာသောစေတီလေးကို တစ်လှည့်ငေးကြည့်နေလေသည်။
YOU ARE READING
ခူ{Completed}
Romance🏔Cover Art By Hawk Shine Lin🏔-Romance×Horror Theme- 🏔မပြိုင်ခင်က ရှုံးနှင့်နေလျက် လိုလိုလားလား ဆက်ပြိုင်မိသည် မင်းအမုန်းတွေသာ ခံယူပါမည်..။🏔 Started➡️22.7.2021 Completed➡️26.9.2021 🏔မပြိုင်ခင်က ရှုံးနှင့်နေလျက် လိုလိုလားလား ဆက်ပြိုင်မိသည် မ...