၁၁ ( Zawgyi )

40 4 0
                                    

မြောက်ဘက်ကုန်းမြေမြင့်မှ လေပြေအေးမှာ စတင်တိုက်ခတ်လာပေပြီ။ တောင်ပေါ်ဒေသ၏ ဝိသေသ လက္ခဏာအတိုင်း စိုင်းပေါခုံရွာကလေးသည် မှိုင်းမှုန်ရီနေသော ငွေနှုင်းမှုန်ပြပြအောက်တွင် အုန်းမောင်းခေါက်သံ တညံညံနှင့်အတူ သက်ဝင်လှုပ်ရှားလာကာ အလှကြီးလှနေသည်။

ခွန်မိုင်းသာတို့၏ အိမ်လေးသည် ရွာစွန်ဘက်ပိုင်းတွင်ရှိကာ တောင်ကုန်းမြင့်လေး၏ အနောက်ပိုင်းတွင်ဖြစ်သည်။ မြင်းဇောင်း ၊ ဆိတ်တင်းကုပ်နှင့် ကြက်ခြံတဲမှာ ခြံဝင်းလေး၏ အနောက်တောင်ဘက်ပိုင်းတွင်ရှိသည်။ အိမ်နောက်ဖက်ရှိ စိုက်ခင်းလေးမှ တဆင့်မျှော်ကြည့်လျှင် တောင်တန်းညိုကြီး၏ ထိပ်ဖျားပိုင်းတွင် တောင်ခိုးငွေ့ဝေနေကာ တောင်ခြေရင်းမှ ပတ်၍ စီးဆင်းနေသော ချောင်းငယ်ကို ရေးရေးမြင်ရသည်။ တောင်ခြေရှိယာခင်းများတွင် စိုက်ပျိုးထားသော စပါးပင်နှင့် ဂျုံပင်များမှာ ရင့်သန်နုထွားနေကာ သီးနှံခိုင်များ ပြည့်ပြည့်ဖြိုးဖြိုးဖြင့် လေအဝေ့တွင် ဘယ်ညာယိမ်းနွဲ့နေသည်။

တသောသောပူသည့် တမ္ပဒီပပြည်နှင့်မတူ တောင်ခိုးတောင်ငွေ့များနှင့် ရောယှက်ကာ စိမ်းညို့နေသော တောင်တန်းညိုကြီးများ၏ ညို့ယူဖမ်းစားမှုအောက်တွင် သတိုးသူရမှာ နစ်မျောနေမိသည်။ ယနေ့နှင့်ပါဆိုလျှင် သတိုးသူရ ၊ ခွန်မိုင်းသာတို့အိမ်ရောက်သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ပင်ရှိချေရော့မည်။

" နောင်ကြီး သူရ နိုးပြီလား ခင်ဗျာ့ ၊ ဟောသည့်မယ် အကျွန် နောင်ကြီးဖို့ မျက်နှာသစ်ဖို့ ရေအိုး အရန်သင့် ပြင်ထားပါတယ် "

" ကျုပ်အတွက်နဲ့ နောင်ငယ်ခွန်မိုင်းလည်း အလုပ်ပိုတွေများနေရပြီ "

ပင်နီရှမ်းအင်္ကျီဝမ်းဆက်နှင့် ခွန်မိုင်းသာမှာ မနက်ခင်း ပြူထွက်ခါစ နေရောင်ခြည်အောက်တွင် သူ၏ စိုက်ခင်းမှ ဟင်းသီးဟင်းရွက်များကို ခူးလာပုံရသည်။ မုန်ညင်းရွက် ၊ ဟင်းနုနွယ်ရွက်တို့မှာ နှင်းရည်များဖြင့် ရွှဲရွှဲစိုနေသည်။

" မဟုတ်တာဘဲ နောင်ကြီးရယ် ၊ ကိုယ့်ရပ်ကိုယ်ရွာကို ရောက်လာတဲ့ ဧည့်သည်ကို အကျွန်တို့က တာဝန်ကျေရမှာပေါ့ "

သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာ /သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာWhere stories live. Discover now