၄၃ ( Zawgyi )

22 2 0
                                    

အေးချမ်းသော လရောင်သည် အရိမန္ဒပူရပြည်ကို လွှမ်းခြုံထားလေသည်။ နန်းမြို့ရိုးထက်တွင် စစ်သည်ရဲမက်တို့မှာ ဓားလှံလက်နက်များကို ကိုင်ဆောင်ကာ ကင်းလှည့်ပြီး စောင့်ကြပ်နေကြသည်။ မြို့ရိုးတံတိုင်းထက်ရှိ သူရဲခိုနေရာတွင် အလင်းရောင်ရစေရန် မီးပုံများကို ဖိုထားသည်။ ညဥ့်နာရီ ၉မောင်းခန့်တွင် ကင်းလှည့်ကြသူများမှာ တာဝန်ချိန်လဲကြလေသည်။

" ဗျို့ ကိုသာဗြော့ ညကြီးမိုးချုပ် ဘာအကြောင်းရှိလို့တုန်း ....အထုပ်အပိုးတွေနဲ့ "

အစောင့်တာဝန်ကျ တပ်စုမှူးမှာ အနောက်မြို့ရိုးတံခါးဆီသို့ ဦးတည်လာနေသော ညီမ၀မ်းကွဲဖြစ်သူ ၏ ယောကျာ်း ကိုသာဗြော့ကို မီးတုတ်မြင့်ကိုင်ကာ ကြည့်ရင်းပြောလေသည်။

" ဟဲ...ဟဲ .... နောင်ကြီး သာဝရေ... မင်္ဂလာညချမ်းပါဗျာ...."

" အမယ် မျက်နှာကလည်း မှိုရတဲ့မျက်နှာနဲ့ နှုတ်ခွန်းဆက်စကားဆိုရအောင် ဘာများ ၀မ်းသာစရာရှိလို့လဲ "

" ဒီလိုဗျာ နောင်ကြီး သာဝရဲ့ ဒီတစ်ခေါက် ကျုပ်လယ်က ထွက်တဲ့ ကောက်ပဲသီးနှံတွေကို ကုန်သည်ကြီး နာဂစိန္ဒရက မျိုးမျိုးမြတ်မြတ် ဈေးကောင်းပေးဝယ်တယ်လေ ၊ နောက်ပြီး သူ့သမီးလေးအတွက် ကောင်းမှုကုသိုလ်ရအောင် အလှူအတန်းတွေလည်း လုပ်သေးသဗျာ ၊ အဲတာ ကျုပ်တို့လို နွမ်းပါးတဲ့ လယ်သမားမိသားစုတွေကို လိုအပ်တာမှန်သမျှလည်း ထောက်ပံ့သေးသဗျာ "

" နို့ ..အဲတာနဲ့ ခုလို အထုပ်အပိုးတွေနဲ့ ကျုပ်ဆီရောက်လာတာ ဘာဆိုင်တုန်းဗျ "

" ဪ... ကျုပ်အဆင်မပြေတုန်းက နောင်ကြီး သာဝဘဲ ချေးဌားပေးခဲ့တာ မဟုတ်လား ၊ ဒါကြောင့် ကျုပ်လက်ထဲမယ် အသပြာလေးရှိတုန်း နောင်ကြီးရဲ့ နှမကလေးက နောင်ကြီးတို့စားရအောင် ချက်ပြုတ်ပေးလိုက်တာဗျား "

" ကိုယ့်ဆွေမျိုးချင်းတွေဗျာ ... ၊ တကူးတက လာပို့စရာမလိုပါဘူး ..."

" မဟုတ်တာဗျာ ... နောင်ကြီး သာဝက အရှင့်ရဲ့အမှုတော်ကို ထမ်းရွက်နေသူ မဟုတ်လား ၊ ညဘက်ဆိုတော့ ပိုပင်ပန်းတယ်လေ ဒါကြောင့်လည်း အချိန်မှီလာပို့တာဗျို့ ....."

သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာ /သမုဒယ ကမ္ဗည်းထက်မှ ချစ်ခြင်းအင်္လကာWhere stories live. Discover now