(Zawgyi)
အိမ်ရှေ့က ပက်လက်ကုလားထိုင်မှာ ထိုင်ကာ စိုင်းမောင်ယပ်ခပ်နေမိသည်။ နှီးယပ်တောင်က ပလက်စတစ်ယပ်တောင်ထက်ပိုကောင်းတာမို့ ယပ်ခပ်လိုက် ၊ တွေးလိုက် ၊ ငေးလိုက် ၊ ဆွေးလိုက်ဖြစ်နေ၏။မနေ့ကကိစ္စကို လုံးဝမကျေနပ်သေးပါ။ အရှက်ကွဲသွားသလိုခံစားရသည်။သူကပဲတအားမျှော်လင့်မိနေတာလားမသိ။ ဖယောင်းကတော့ သဝန်လည်းမတို ၊ ဘယ်လိုမှလည်းမနေ။ စိုင်းမောင်ကသာ ဖြစ်ပျက်နေတာမြင်မကောင်း။ဖယောင်းက အေးဆေးတည်ငြိမ်ပြီး သူတစ်ယောက်တည်းယွစိတတ်နေသလိုပဲ။
ယပ်ခပ်လိုက်တော့ အပြင်ပိုင်းအေးပေမဲ့ စိုင်းမောင်ရင်ထဲကတော့ မအေးပါ။ ပူလောင်သောက အဖြာဖြာကို ခါးစည်းကာခံစားနေရပြီး အသက်ရှူပင်မဝတော့သလို။
သြော် .... ကိုယ်ချစ်သလောက်ပြန်ချစ်တာမခံရတာအတော်လေးခံစားရပါ့လား။
ခြံရှေ့က မရမ်းပင်ကြီးက နေလုံးကြီးကိုကာစီးပေးထားတော့ တအားမပူ။ နေပြောက်ကလေးတွေကသာ မြေပြင်ပေါ်ကျနေသည်။
ူဖယောင်းကအိမ်ပေါ်မှာအေးအေးဆေးဆေးအိပ်နေ၏။ နေ့ခင်းနေ့လယ် ဘာမှလုပ်စရာမရှိတော့ဖျာလေးခင်း ခေါင်းအုံးချကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိုက်တာ။ လူကိုစိတ်ထိခိုက်အောင်လုပ်ပြီး သူကျတော့ အိပ်နေလိုက်တာတော်တော်လေးကိုတရားကျစရာကောင်း၏။
စိုင်းမောင်စိတ်ထဲ မကျေနပ်သော်လည်း သွားပြီးတော့ ပြဿနာမရှာပါ။ ထို့ကြောင့်စိတ်ထဲမှာသာ တနုံ့နုံ့ဖြစ်ပြီး အသက်ကိုသာဝဝရှူနေရသည်။
ရုတ်တရက် အိမ်ထဲဝင်လာသည့် မထွေးကြောင့်စိုင်းမောင်လှမ်းကြည့်နေမိသည်။ မထွေးက ခြံတံခါးကိုအသာဖွင့်ကာ စိုင်းမောင် အနားရောက်လာတော့
"ဘာကိစ္စတုန်း"
"နင့်ကိုပြောစရာရှိလို့စိုင်းမောင်"
"ဘာလဲ ပြောလေဗျာ ၊ အထူးအဆန်းလုပ်လို့"
မထွေးက ဘေးနားကကွတ်ပျစ်မှာ ထိုင်ကာ သက်ပြင်းတစ်ချက်ချရင်း
"ငါ့ကို ပိုက်ဆံနည်းနည်းလောက်ချေးစမ်းပါဟယ်"
"ဟမ် ပိုက်ဆံ"