| ၁၆ |

4.5K 504 18
                                    

(Zawgyi)
  
ညနေ ၅ နာရီကျော်တွင် စိုင်းမောင်သည် ရွာသို့ပြန်ရောက်လာခဲ့သည်။သူရောက်သည်နှင့် အမောပြေ ရေခပ်တိုက်သည့်ဖယောင်းကြောင့် မပြုံးဘဲ မနေနိုင်။

"စောသားပဲနော် ၊ ခုမှ၅နာရီပဲရှိသေးတယ်"

"ကိုဖိုးကမောင်းတာမြန်တယ်လေ ၊ ပြီးတော့ လမ်းကခြောက်တယ် ၊ မိုးတွင်းဆိုရင်တော့ အခုလိုမျိုးစောပြီးရောက်မှာမဟုတ်ဘူး"

ဒါတောင် ဘကြီးက ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်ပါဦးပြောနေသေးသည်။စိုင်းမောင်က မဖြစ်ဘူးငြင်းလို့ပါပေါ့။

ဘကြီးနှင့်မတွေ့တာကြာပြီဖြစ်သော်လည်း တကယ်တမ်းမှာ ဖယောင်းတစ်ယောက်တည်းထား၍မဖြစ်။ညပိုင်းကျ မနှင်းကလာအိပ်လို့မသင့်ပေ။အောင်ကျော်မင်းကလည်း ကလေးဖြစ်၍ အရေးအကြောင်းဆိုလျှင်ဘာမှလုပ်တတ်မှာမဟုတ်။

ထို့ကြောင့် စိုင်းမောင်လည်း ညနေချင်းပြန်လာခဲ့သည်။

ကိုဖိုး၏ သုံးဘီးပေါ်က ပစ္စည်းတွေကို သယ်ကာ အိမ်ပေါ်သို့တင်နေတော့ ဖယောင်းကငေးကြည့်နေသည်။ မနှင်းကလည်း ခြံထဲဝင်လာကာ စိုင်းမောင်ဝယ်လာသည်များကို စပ်စုလေ၏။

ပစ္စည်းများအားလုံးချပြီးနောက် ကိုဖိုးကိုပိုက်ဆံပေးကာ အိမ်ပေါ်သို့တက်လာလိုက်သည်။အိမ်ပေါ်တွင် ဖယောင်းနှင့်မနှင်းက ပစ္စည်းတွေကိုကြည့်နေ၍ စိုင်းမောင်က အနားသွားပြီး

"ဘာလုပ်နေတာလဲ ထိုင်နေ"

"ဟဲ့ ဒါက ရေခဲသေတ္တာမလား"

"အင်းလေ"

စိုင်းမောင်၏ စကားကြောင့် မနှင်းမှာ မျက်ခုံးပင့်လိုက်တော့သည်။ဝယ်လာလိုက်တာကိုကြည့်စမ်းပါဦး ၊ ပစ္စည်းတွေဆိုတာစုံလင်နေတာ။

" ဟိုအရင်တုန်းကတော့ ဝယ်ပါဆိုမဝယ်ဘူး ၊ အခုမှဝယ်တယ်"

"ကျွန်တော်ကဖြစ်ပေမဲ့ ဖယောင်းကရှိသေးတယ်လေ ၊ ဖယောင်းအတွက်ဝယ်လာတာ"

စိုင်းမောင်သည် သူဝယ်လာသည့်ပစ္စည်းများကို ထုတ်ကာ ဖယောင်းကိုပြလိုက်သည်။ရေခဲသေတ္တာ၊ပန်ကာ၊အဝတ်အစားများ ၊ မုန့်များ စုံစိနေသေးသည်။

စိမ့်စမ်းရေပမာWhere stories live. Discover now