(Zawgyi)
မသီရိ၏ ကိစ္စက အတော်လေးကိုအဆင်ပြေသွားသည်။ ကိုထွေးနှင့်လည်းကွာရှင်းလိုက်ပြီးမိဘများရှိရာ မြို့ကို ပြန်တော့မည်ဖြစ်သည်။အရမ်းကြီးတော့ ပြဿနာမတက်လိုက်ပေ။ ကိုထွေးက ငွေပေးရင် ရနေတာမို့ လွယ်လွယ်ကူကူပင်ကွာရှင်းပေးလေသည်။
နောက်ထက် မသီရိတို့သားအမိကိုလည်း မနှောက်ယှက်ရန် ဝန်ခံကတိရေးထိုးရသေးသည်။ထို့အပြင် သူမတို့သားအမိ မြို့ပြန်ရန်အတွက်လည်း မနှင်းနှင့် စိုင်းမောင်ကသာ အစစအရာရာကူညီရတော့သည်။
မသီရိက မနှင်းနှင့် စိုင်းမောင်ကိုကြည့်ကာ မျက်ရည်တစမ်းစမ်းနှင့်
"ကျေးဇူးတင်ပါတယ် ငါ့မောင်လေးနဲ့ညီမလေးရယ် ၊ နင်တို့ကျေးဇူးကြောင့် ငါ့မှာမိဘအိမ်ပြန်နိုင်တော့တာ"
ဟုပြောလေရာ မနှင်းက ပြုံး၍
"ရပါတယ်မသီရိရယ် ၊ ကိစ္စမရှိပါဘူး ၊ ကျွန်တော်တို့တွေက ညီအစ်မတွေလိုရင်းနှီးနေကြတာကို"
"အေးပါဟယ် စိုင်းမောင်ကိုလဲ ကျေးဇူးတင်တယ်ဟယ် ကျေးဇူးတွေကိုတော့ဆပ်မကုန်တော့ပါဘူး"
"ရပါတယ်ဗျာ ဟိုမှာသာအဆင်ပြေအောင်နေကြပါ ၊ ကိုထွေးအတွက်တော့ စိတ်မပူနဲ့ ၊ သူမသီရိတို့ကိုဒုက္ခမပေးနိုင်စေရဘူး စိတ်ချထား"
စိုင်းမောင်၏ စကားကို မသီရိက တဆက်ဆက်ခေါင်းညိတ်လေသည်။ သူမက ငိုသံနှင့်
"ငါနင့်အကြွေးတွေကိုလဲ အဆင်ပြေရင်ပြန်ပေးမယ်စိုင်းမောင်ရေ ၊ မနှင်းငွေတွေရောပဲ"
"ဘာလို့လဲ မသီရိရယ် ၊ ဒီလူနဲ့ဒီလူ လိုလို့လား"
မနှင်း၏ စကားကို မသီရိက ခေါင်းခါလေသည်။ သူမက သက်ပြင်းချကာ ခပ်ဖွဖွပြုံးရင်း
"မဖြစ်ပါဘူးမနှင်းရယ် ၊ ငါပြန်ပေးမှာပါ ၊ နင်တို့က ငါ့ကိုကူညီပေးတာကို အတင်းတုပ်ချင်တဲ့ပတ်ဝန်းကျင်က ရှိသေးတယ်လေ ၊ တော်ကြာ မဟုတ်မဟက်တွေစွတ်စွဲရင်ဒုက္ခ၊ မနှင်းက မိန်းကလေးအချင်းချင်းမို့ကူညီတာကိစ္စသိပ်မရှိပေမဲ့ စိုင်းမောင်ရဲ့ငွေတွေကိုတော့ ဒီတိုင်းယူမထားနိုင်ပါဘူးဟယ် ၊ တော်ကြာပတ်ဝန်းကျင် သို့လောသို့လောပြောမှာစိုးရတယ်၊ ငါပြောတာ သဘောပေါက်တယ်မလား"