(ZAWGYI)
စိတ်ကောက်နေသည့် စိုင်းမောင်သည် ခြံထဲသို့မသွားတော့ဘဲ အိမ်မှာသာနေလေသည်။မနက်မိုးလင်း ထမင်းကြမ်းစားပြီးသည်နှင့် နောက်ဖေးဘက်မှ အမှိုက်များ ၊ ခြုံများကို ရှင်းလင်းနေ၏။ဖယောင်းကတော့ ထုံးစံအတိုင်း မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည်။ညကတည်းက မိမိအား အဖက်မလုပ် သည့် ဖယောင်းကြောင့်စိုင်းမောင်မှာ စိတ်လည်းတိုသလို စိတ်လည်းကောက်ရပြန်သည်။
မြက်ရှင်းနေရင်း နောက်ဘက်လှည့်ကြည့်လိုက်သောအခါ ပန်းကန်ဆေးနေသည့် ကျောပြင်ကလေးအား မြင်လိုက်ရသည်။
ဖြူဖြူနုနုနှင့် မြင်နေရသည့် လည်ဂုတ်ကလေးသည် ခပ်ရဲရဲ အနီရောင်တီရှပ်ကလေးကြောင့်ပိုပြီးသိသာထင်ရှားနေသည်။
ဆံပင်က အရမ်းမရှည်သည့်အတွက်ကြောင့် ထင်းနေသည့် လည်ဂုတ်ဖြူဖြူမှာ ပြေးကိုက်ချင်စရာကောင်းလှသည်။
စိုင်းမောင်လည်း အကြည့်လွှဲကာ စိတ်ပျက်အားလျော့စွာနှင့် မြက်ကိုသာဆက်ရှင်းနေလိုက်၏။
ဘယ်တော့မှကိုက်မရမလဲမသိ။ ညတိုင်းတိုင်း facebook ပေါ်တွင် ပလူပျံနေသည့် rs post များကို မြင်တိုင်း စိုင်းမောင်ရင်ခံရသည်။
ရင်ခံရလွန်း၍ ရူးတော့မည်။
စိတ်အားငယ်စွာ နောက်တစ်ခေါက်လှည့်ကြည့်လိုက်တော့ ဖယောင်းက အိမ်ထဲဝင်ကာလုပမလက်စကို လုပ်နေသည်။
" ဖယောင်းရေ !! စိုင်းမောင်!"
အိမ်ရှေ့မှ အသံအောင်လှသည့် မနှင်း၏ အသံကြောင့် စိုင်းမောင် ပေါက်တူးကိုပေါက်နေရင်းရပ်ကာ
" နောက်ဖေးမှာဗျို့!!"
ပြောပြီးသည်နှင့် မြက်ဆက်ရှင်းနေလိုက်တော့သည်။
"အမလေး မြက်ရှင်းနေတယ်ပေါ့"
"အင်း "
"အယ်လဲ့ ဆင်တူတီရှပ်တွေဘာတွေနဲ့ ၊ အသားမဲအရဲဆင်ဆိုတာမျိုးပေါ့ ဟိဟိ"
မနှင်း၏ လှောင်သံကြောင့်စိုင်းမောင်က ဘုကြည့်ုကြည့်လိုက်သည်။အိမ်ပေါ်မှကြည့်နေသည့်ဖယောင်းကတော့ မနှင်း၏စကားကို ပြုံးစိစိလုပ်နေလေသည်။