(ZAWGYI)
ဒေါ်မာလွင်က ရုတ်တရက်အခေါ်လွှတ်၍ စိုင်းမောင်မှာ အလုပ်ကိုရပ်ကာ မနှင်းကိုလှည့်ကြည့်မိသည်။ မနှင်းကလည်း အရေးတကြီးပြောစရာရှိသည့်ပုံပေါက်နေ၍ စိုင်းမောင်စိတ်ထဲတစ်မျိုးဖြစ်လာသည်။"ဘာဖြစ်လို့လဲ မနှင်း ၊ တစ်ခုခုဖြစ်လို့လား"
မနှင်းကအမြဲတမ်း ပျော်ပျော်နေတတ်ကာ ပေါ့ပေါ့ပါးပါးရှိသည်။ စိုင်းမောင်တို့ဆီလာလျှင်လည်း စနောက်ကာဖြင့်ရယ်မောတတ်သည်။သို့သော် ယခုတွင်တော့ အလေးအနက်ပုံစံနှင့်မို့ စိုင်းမောင်လည်း သိချင်လာသည်။
မနှင်းက သက်ပြင်းချ၍
" လိုက်ခဲ့စမ်းပါ၊ ဖယောင်းကိုခေါ်ခိုင်းလိုက်တာ"
"မနှင်းဘာတွေသွားပြောထားတာလဲ"
မျက်မှောင်ကြုတ်ကာမေးလိုက်သည့် စိုင်းမောင်ကို မနှင်းက လိမ်ရန်စိတ်ကူးမရှိပေ။
" ဘယ်ကိစ္စဖြစ်မလဲ။ နင့်ကိစ္စပေါ့ "
"ဘာ ကျွန်တော့်ကိစ္စ "
စိုင်းမောင်က တအံ့တသြဖြစ်ကာ မျက်လုံးပြူးလျက်သားဖြစ်နေလေသည်။သူသည် အသံတိုးတိုးနှင့် မနှင်းအနားကပ်ကာ
"မဟုတ်မှ ဖယောင်းနဲ့ကျွန်တော့်ကိစ္စလား"
"အေးပေါ့ ။ အဲ့ကိစ္စ"
"ဟာဗျာ ၊ ဒေါ်လေးမာကို မနှင်းပြောလိုက်တာလား ၊ ဘာကိစ္စပြောလိုက်ရတာလဲ"
စိုင်းမောင်က စိတ်ညစ်သွားကာ မြေကြီးပေါ်တွင်ဖိနပ်ခုကာ ထိုင်လိုက်လေသည်။ နဖူးကချွေးတွေကို ဒီတိုင်းသုတ်ပစ်ကာစိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။
ဒါကိုမြင်သည့်မနှင်းက မျက်နှာမဲ့ကာ ဘေးခုံပေါ်တွင်ထိုင်လိုက်လေသည်။မိမိကမြေပြင်ပေါ်ထိုင်ပြီး မနှင်းက ခုံပေါ်ထိုင်နေသည်ကို စိုင်းမောင်စိတ်ထဲဘာမှမဖြစ်ပေ။ မနှင်းကို အမေလို အစ်မရင်းလိုသဘောထားသည်မို့ ဘုန်းကံတွေဘာတွေစိတ်ထဲမထား။
"ဘယ်တုန်းကတည်းကပြောလိုက်တာလဲဗျာ"
"ကြာလှနေပြီ။ နင်တို့အဆင်ပြေပြီးမကြာဘူးငါပြောလိုက်တာ"