(Zawgyi)
မသီရိ၏ ကိစ္စသည် အစစအရာရာအဆင်ပြေခဲ့သည်။ မနှင်းကိုယ်တိုင် မြို့သို့လိုက်သွားကာ မသီရိ၏ မိဘများကို သေချာရှင်းပြကာ ဖျောင်းဖျခဲ့သည့်အတွက်ကြောင့် မိဘများက လက်ခံခဲ့လေသည်။မသီရိကလည်း အစအဆုံး ကူညီပေးခဲ့သော စိုင်းမောင်နှင့် မနှင်းကို ကျေးဇူးတင်မဆုံးဖြစ်နေလေသည်။စိုင်းမောင်ကိုကျေးဇူးတင်စကားဆိုရန်လည်း ခဏခဏမှာနေသေးသည်။
"ဆိုတောာ့ နင်နဲ့ ဖယောင်းနဲ့ အဆင်ပြေသွားပြီပေါ့"
မနှင်း၏ ပြုံးစိစိမေးခွန်းကြောင့် စိုင်းမောင်မှာ ရေဆွဲနေရင်း
"အင်း ပြေသွားပြီ"
"ချစ်တယ်လို့အပြောခံရတဲ့ ရင်တွင်းခံစားချက်လေးကိုမျှဝေပါဦး"
"အဟမ်း ! ဘယ်လိုပြောရမှန်းတောင်မသိပါဘူး ၊ ဖယောင်းကချစ်တယ်လဲပြောရော ဗိုက်နာသလိုလို ဗိုက်ဆာသလိုလိုကြီးဖြစ်သွားတယ် ၊ ရင်တွေအခုန်လွန်သွားပြီးတော့"
စိုင်းမောင်တကယ်ကို ထိုသို့ခံစားရသည်။ ဖယောင်းဆီမှ ချစ်သည်ဟု တစ်ခွန်းလေးသာကြားရသော်လည် ပျော်မဆုံးဖြစ်နေရသည်။
ဖယောင်းကဘယ်လိုသဘောထားနှင့်ပဲပြောပြော သူကတော့ပျော်သည်။ဝမ်းသာသည်။ဖယောင်းက ရိုးရိုးသားသားချစ်သည်ဟုဆိုသော်လည်းပဲ တဖြည်းဖြည်းနှင့် အချစ်များနက်ရှိုင်းလာလိမ့်မည်ဟုထင်သည်။
စိုင်းမောင်၏ ရင်တွင်းခံစားချက်ကြောင့် မနှင်းမှာ မျက်နှာမဲ့၍
"နင့်ခံစားချက်ကြီးကလဲ ဘာကြီးလဲ"
"တကယ်ပါဆို"
"သူများတွေက ရင်ခုန်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ ၊ နင့်အလှည့်ကျမှ ဗိုက်နာတာတွေ ဗိုက်ဆာတာတွေရော ။ တကယ်တည်း ကြားတောင်မကြားဖူးပေါင်"
"တကယ်ပါဆိုမနှင်းကလဲ ၊ ဒါပေမဲ့ဗျာ ဖယောင်းက တအားလဲခေါင်းမာတယ် ရှက်လဲရှက်တတ်တယ် ၊ ချစ်တယ်လို့နောက်တစ်ခေါက်လေးပြောခိုင်းတာကို မပြောဘူး ၊ ရှက်သလိုလိုလေးလုပ်နေတာ ကျွန်တော်တော်တော်လေးကိုသည်းခံနေရတယ်"