Chapter 3

432 11 0
                                    

(Unicode)

ပုံမှန်ဆိုလျှင် ၁နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးလျှင် သူနာပြုဆရာမလေးများကို တာဝန်ပေးမြဲဖြစ်သည်။ သို့သော် ထိုနေ့က ပန်ပန်သည် အပြင်းဖျားနေသည်။ နလန်ထစဖြစ်သောကြောင့် ဆရာကြီးက မသွားစေလို။ ကျေးရွာအုပ်စုများသို့ သွားက ထိုးနှံရမည်ဖြစ်သောကြောင့် သွားရမည့်ခရီးသည် အလွန်ဝေးလံသည့်အပြင် ကြမ်းတမ်းလွန်းလှသည်။

နောက်ဆုံး လွှာက လွှာသွားလိုကြောင်းပြောတော့မှ ဆရာကြီးက ခွင့်ပြုပေးသည်။ ဆရာကြီးက ထိုလမ်းသည် ကြမ်းတမ်းသောကြောင့် ကားဖြင့်သွားအဆင်မပြေဟုဆိုကာ လွှာနှင့်ကြီးကြပ်မှူးလေး ချောအိအား ဆိုင်ကယ်နှင့်သွားစေသည်။ လွှာသည် ချောအိနောက်မှ ကာကွယ်ဆေးများထည့်ထားသော ရေခဲပုံးကို ပိုက်ကာ ဆေးအိတ်ကို လွယ်၍ လိုက်ရသည်။

ချောအိသည် ဆိုင်ကယ်ကို ကျွမ်းကျင်စွာ မောင်းတတ်သောကြောင့်အဆင်ပြေသည်။ လွှာတို့ ထွက်ခါနီးဆရာကြီးက phone ဆက်သေးသည်။

"သမီးရေ ကျွဲကျကိုင်းကျေးရွာကြီးကြပ်က phone ဆက်နေတယ်ဟေ့။ ကျေးရွာလူကြီးက မနက် ၉နာရီကို ၇ နာရီလို့ ပြောထားလို့ ကလေးအမေတွေ ရောက်နေကြပြီတဲ့။ သမီးတို့ အခု သွားတော့မှာလား"

"လွှာတို့က ၉နာရီဆိုပြီး အေးဆေးလုပ်နေတာ ဆရာကြီး အခုပဲ ၆နာရီခွဲနေပြီ။ မှီပါ့မလားမသိဘူးရယ်"

"အဲဒါဆို မူလစီစဥ်ထားတဲ့ ရွာကို အရင်ဆုံးမသွားနဲ့ သာဝါနဲ့ကျွဲကျကိုင်းရွာက ဆိုင်ကယ်နဲ့ဆို ၁နာရီကျော်လောက်ပဲ မောင်းရတယ် သမီးတို့ ကျွဲကျကိုင်းကို အရင်ဆုံးဝင်လိုက်။ ညောင်ကုန်းတို့ ရွှေသာတို့ကို အဲကပြီးမှသာ ကူးတော့"

"ဟုတ်ကဲ့ ဆရာကြီး"

လွှာနှင့် ချောအိတို့ ခပ်သွက်သွက်သွားရန် ပြင်လိုက်သည်။ လွှာတို့ဆိုင်ကယ် စထွက်တော့ ဒေါ်ကြီးမြက မှာနေသည်။

"ချောရေ ဖြည်းဖြည်းစီးဦး။အလျင်မလိုနဲ့။ ကျွဲကျကိုင်းအထိဆို လမ်းက နည်းနည်းကြမ်းတယ်"

ဒေါ်ကြီးမြက နည်းနည်းကြမ်းသည်ဆိုသော်လည်း လွှာတို့အမှန်တကယ် သွားရမှ တော်တော်ကြမ်းသည်ကိုတွေ့ရသည်။မြေနီခင်းသော လမ်းများသည် စခင်းခါစ ဖြစ်သောကြောင့် သဲများသည် မသိပ်ဘဲ ဆိုင်ကယ်လူးချင်သည်။

ထိမ်းမြားခြင်း ဥပေက္ခာ/ ထိမ်းမြားခြင်း ဥပေက္ခာ  (The Story Of Goddess)Où les histoires vivent. Découvrez maintenant