ယန်ကျင်မြို့တွင် သခင်မကျိမင် ကွန်လွန်ခြင်း။

200 10 7
                                    

အခန်း (၂)

ယန်ကျင်မြို့တွင် သခင်မကျိမင် ကွန်လွန်ခြင်း။
ဆုစိန်က ယွန်းစံအိမ်ကြီးအကြောင်းကို ​ပြောပြခြင်း။

စစ်ဘုရင်တွင်၊တူယှဥ်ပြိုင်ကြ
တိုက်ခိုက်ကြလည်း၊မည်သူကနိုင်
မည်သူနိုင်ဟု၊ပိုင်ပိုင်ဆုံးဖြတ်
ခက်တတ်ကြ၏၊ အမွှေးတိုင်မီး
ကုန်ခါနီးလျက်၊ လက်ဖက်ရည်ခွက်
အဆက်မပြတ်၊သောက်တတ်ကြလည်း
အနိုင်အရှုံး၊ ဆုံးဖြတ်မရ
ဖြစ်တတ်ကြ၏။ တိုးတက်ပိမ့်လော
ပျက်ပိမ့်လောဟု၊တွေးတောမရ
ကြံဆ၍မူ၊ကြားလူကိုသာ
မေးကြရာ၏။

တံခါးဝတွင် စကားပြောသံများကိုကြားရသည့်အခါ၌ ဖန်စုသည် အကျိူးအကြောင်းကို စုံစမ်းရန် အပြင်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့လေ၏။

"ရှိယင်ဆိုတဲ့လူ ရှိလား။မြန်မြန်ခေါ်ပေးစမ်းဗျာ" ဟု မင်းချင်းလုလင်တို့က ခပ်ထန်ထန်ပြော၏။

" ကျူပ်နာမည်က ရှိယင်မဟုတ်ပါဘူး ၊ဖန်စုပါ။ရှိယင်ဆိုတာက ကျူပ်သမက်ပါ။ဒါပေမယ့် ရှိယင်က လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကပဲ ဝတ်ကြောင်ကိုစွန့်ပြီးတောထွက်သွားပါပြီ။မောင်ရင်တို့က ရှိယင်နဲ့တွေ့ချင်လို့လား" ဟု မျက်နှာချိုသွေးသည့် အပြုံးဖြင့်မေးလိုက်၏။

"ဒါတွေကျုပ်တို့ မသိဘူး။ကျူပ်တို့က မြို့ဝန်အမိန့်နဲ့လာတာ။ ခင်ဗျားက ယောက္ခမဆိုယင် ခင်ဗျားလိုက်ပြီးဖြေရှင်းလှည့်။ကျူပ်တို့ ဒီကို နောက်တစ်ခေါက် မလာနိုင်ဘူး"

မင်းချင်းတို့သည် ဖန်စုအား ထုချေခွင့်မပေးတော့ဘဲ အတင်းဆွဲခေါ်သွားကြလေ၏။အိမ်သူအိမ်သားများမှာ အကြောင်းရင်းကို မသိကြဘဲ ကြောက်ရွံ့ထိတ်လန့် ကျန်ရစ်ခဲ့ကြ၏။

ညရှစ်ချက်တီးလောက်အချိန်တွင်မူ ဖန်စုသည် ဝမ်းမြောက်ဝမ်းသာဖြင့် အိမ်သို့ပြန်ရောက်လာလေ၏။အကျိုးအကြောင်းမေးမြန်းသည့်အခါတွင် ဖန်စုက
" ခု မြို့ဝန်အသစ်က ဆုချောင်ဇာတိတဲ့။နာမည်က ယုဆုန်တဲ့။ငါ့သမက် ရှိယင်ရဲ့ မိတ်ဆွေဟောင်းကြီး တစ်ဦးတဲ့။ငါတို့အိမ်ရှေ့က ဖြတ်သွားတုန်း အပ်ချည်ဝယ်နေတဲ့ ချောဆင့်ကို မြင်သွားတော့ ရှိယင်ဟာ ဒီကိုပြောင်းလာပြီလို့သူထင်လိုက်သတဲ့။ရှိယင်ရဲ့ အကြောင်းကိုပြောပြတော့ သူတော်တော်စိတ်ထိခိုက်သွားပုံရတယ်။ငါ့မြေးလေး ယန်လင်း(မကြာဖြူ)အကြောင်းကိုလဲ မေးလိုက်သေးတယ်။ငါက မီးထွန်းပွဲ​တော်တုန်းက ပျောက်သွားတယ်လို့ပြောလိုက်တော့ မပူပါနဲ့တဲ့။အရှာခိုင်းပေးပါ့မယ်တဲ့။တွေ့မှာပါတဲ့။ စကားပြောဆို ပြီးလို့ ပြန်ခါနီးကျတော့ ငါ့ကိုငါ့ကို ငွေစင်နှစ်ကျပ်သားလဲ ပေးလိုက်သေးတယ်"

You've reached the end of published parts.

⏰ Last updated: Nov 10, 2021 ⏰

Add this story to your Library to get notified about new parts!

A DREAM OF RED CHAMBER (红楼梦)ခန်းဆောင်နီအိပ်မက် Where stories live. Discover now