သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီး၍ ကျောင်းပြန်ဖွင့်သည့် ပထမဆုံးနေ့မှာပင် အတန်းပိုင်ဆရာမက အောက်တိုဘာနှစ်၀က်စာမေးပွဲ ရလဒ်များကို ကြေညာပါတော့သည်။ ထင်သည့်အတိုင်းပင်။ မောင် အောက်တိုဘာနှစ်၀က်စာမေးပွဲကို သုံးဘာသာကျဖြင့် အောင်ပွဲခံလေသည်။ မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဟူသော သုံးဘာသာ။ အမှတ်စာရင်းကြေညာချိန် မောင်၏ မျက်နှာ သိသိသာသာ ပျက်ယွင်းနေသည်ကို သတိထားမိပါသည်။ ဆရာမကလည်း မောင့်အား ဆူပါတော့သည်။ ဆူလည်း ဆူချင်စရာပင်။ မောင်က အတန်းထဲတွင် ဘာသာရပ်အများဆုံးကျသူဖြစ်နေတာကိုး။ နေ့လည် ထမင်းစားကျောင်းဆင်းချိန်တွင် မောင်က ကျွန်တော့်အား စကားဆိုလာပါတော့သည်။ အကူအညီတောင်းခြင်းဆိုလျှင် ပိုမှန်မည်။
"ညွှန်းစေ မင်းက တစ်တန်းလုံးမှာ အမှတ်အများဆုံးမလား။ ဘယ်လို စာလေ့လာတာလဲ ပြောပြပါလား"
"ပုံမှန်စာလုပ်တာပဲ ရှိတယ်။ မင်းက စာမေးပွဲနားနီးတာတောင် ပေါ့ပေါ့ပျက်ပျက်နဲ့ ကျမှာပေါ့"
ကျွန်တော်ကပါ ဆူလိုက်တော့ မောင်က မျက်နှာလေး ပိုညှိုးသွားသည်။ ပြီးမှ မျက်နှာငယ်လေးဖြင့်
" ငါလည်း စာကျက်ပါတယ်။ ဒါပေမယ့် ငါက ဉာဏ်မကောင်းဘူးကွ။ ကျက်ပြီးရင် မေ့မေ့သွားတာ"
"တစ်ခါလောက်ကျက်ပြီး ဘယ်မှတ်မိမလဲ"
"မင်းက စာတော်တော့ ငါ့ကို ပြန်သင်ပေးပါလား"
"မင်း အပြင်မှာ ကျူရှင်တက်လို့ ရတာပဲကို"
"ဒီအချိန်မှတော့ လက်ခံမယ်မထင်ဘူးကွ။ မင်းကလည်း ငါ့ကို စာနဲ့ပတ်သက်ပြီး အကူအညီလိုရင် မင်းကူညီမယ်ဆို"
"ငါ သင်သင် သိကြားမင်းကြီးဆင်းသင်သင် မင်းမှ စာသေချာမလုပ်ရင် မင်းကျမှာပဲ"
ကျွန်တော့်ရဲ့စကားကို ကြားတော့ မောင်က တည်ကြည်လေးနက်စွာဖြင့်
"ငါ မင်းစကားကို နားထောင်ပါ့မယ် မင်းခိုင်းသမျှလည်း လုပ်ပါ့မယ် ငါ့ကို စာသင်ပေးပါနော်"
ဟု အသနားခံသော မျက်နှာနှင့် ပြောလာလေသည်။
"မင်း ကတိတည်ရင် ငါစာသင်ပေးမယ်"
YOU ARE READING
General Fictionဤ၀တ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ ခံစားချက်၊ အတွေ့အကြုံများကို စိတ်ကူးဖြင့် ပြန်လည်ဖန်တီးထားခြင်းဖြစ်ပါသည်။ တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။