နွေရာသီ၏ သင်္ကေတအဖြစ် ပိတောက်ပန်းတို့က လှိုင်လှိုင်ပွင့်နေသည်။ မကြာမီပင် သင်္ကြန်ရောက်တော့မည်။ မောင်က သူ့အား ဖုန်းခေါ်ရန်ဟုဆိုကာ ဖုန်းနံပါတ်ရေးမှတ်ပေးခဲ့သည့် စာရွက်ကလေးသည် စာကြည့်စားပွဲပေါ်က စက္ကူဘူးလေးထဲတွင် အတိုင်းသား ရှိနေသေးသည်။ မောင့်ကို ဖုန်းခေါ်ဖို့ သတိရပါသည်။ သို့သော် မခေါ်ဖြစ်ပါ။ နေ့ခင်းဘက်တွင် ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို သွားရသည်ကတစ်ကြောင်း ၊ ဖုန်းခေါ်ရကောင်းမလား၊ မခေါ်ပဲ ဒီအတိုင်းနေရမလား ဟု စိတ်လွန်ဆွဲနေရသည်က တစ်ကြောင်းမို့ ဖုန်းမခေါ်ဖြစ်တာ ခဏခဏပင်။ ဒီနေ့တော့ ဖုန်းခေါ်ဖြစ်အောင် ခေါ်ကြည့်မည်ဆိုသော စိတ်ဖြင့် စာကြည့်စားပွဲပေါ်က စာရွက်ခေါက်လေးကို ယူလိုက်သည်။ ထိုစာရွက်တွင်ရေးထားသော ဖုန်းနံပါတ်ကို တွန့်ဆုတ်စွာဖြင့် နှိပ်နေမိပါသည်။ နံပါတ်ကိုးလုံးလုံး ရိုက်ပြီးသည်ထိ ဖုန်းခေါ်ရန် မရဲသေး။ နောက်ဆုံးတွင် ဖြစ်ချင်ရာဖြစ်ဟူသော စိတ်ဖြင့် မောင့်ဆီကို ဖုန်းခေါ်လိုက်ပါသည်။
"တီ... တီ.... တီ..."
ဖုန်းဝင်သွားတာ အတော်ကြာနေသော်လည်း မကိုင်သဖြင့် ချလိုက်မည်အလုပ်....
"ဟယ်လို"
တစ်ဖက်မှ မောင့်အသံကို ကြားလိုက်ရပါသည်။ အတော်ကြာသည်အထိ စကားပြောရန် တုံ့ဆိုင်းနေမိပြီးမှ အားတင်းကာ စကားတစ်ချို့စတင်ပြောမိပါသည်။
"ငါပါ ညွှန်းစေရာပါ"
"ဟာ ညွှန်းစေရာ မင်းအခုမှ ဖုန်းခေါ်တယ်နော်။ ငါကဖြင့် မင်းဖုန်းကို မျှော်နေလိုက်ရတာ"
မောင်က ၀မ်းသာသည်ရော၊ အပြစ်တင်သည်ရောပေါင်းကာ ပြောပါသည်။
"အင်း အခုမှ ကိုယ်ပိုင်ဖုန်းရလို့"
"မင်းအခုသုံးတဲ့ နံပါတ်က ဘောနပ်ကဒ်မဟုတ်ပဲ အတည်မလား"
"အင်း ဟုတ်တယ်"
"အဲ့ဒါဆို ငါ မင်းကို နေ့တိုင်း ဖုန်းခေါ်မယ်လေ"
"ခေါ်တာက ခေါ်လို့ရတယ်။ ဒါပေမယ့် ညဘက်ပဲအားတာ။ နေ့ခင်းဘက်ကျ ငါသင်တန်းတွေ သွားနေရလို့"
YOU ARE READING
General Fictionဤ၀တ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ ခံစားချက်၊ အတွေ့အကြုံများကို စိတ်ကူးဖြင့် ပြန်လည်ဖန်တီးထားခြင်းဖြစ်ပါသည်။ တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။