(၁၉)

3.6K 481 5
                                    


{Unicode}

အခန်း(၁၉) - တူနှစ်ကိုယ် အိမ်အပြန်



ချန်ရှောင်းသည် နှစ်သစ်ကူးရန် တစ်ရက်အလိုမှသာ ပိတ်ရက်ရ၏။ ကုမုန့်ယန်ကတော့ သူ့ထက်ပို၍ စောကာ နှစ်ဆယ့်ရှစ်ရက်လောက်ကတည်းက ပိတ်ရက်ရနေပြီဖြစ်သည်။ သို့နှင့် အတူတူတိုင်ပင်ကြပြီးသွားသည့်အခါ နှစ်ဆယ့်ကိုးရက်နေ့ညတွင် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြ၏။

အတူပြန်ကြသည်ဆိုသည်မှာလည်း သူနှင့် ကုမုန့်ယန်သည် တစ်မြို့တည်းတွင် နေထိုင်ကြသည့် သူတွေဖြစ်နေသည်ကြောင့်။ သူနှင့် ကုမုန်ယန် စတင်မိတ်ဆွေဖြစ်ပြီး တစ်ပတ်အကြာတွင် ကုမုန့်ယန်သည်လည်း A မြို့သားဖြစ်ကြောင်း သိခဲ့ရတာဖြစ်၏။ သူ့မှာ ဤသည်ကို သိသိလိုက်ရစဥ်တုန်းက ကုမုန့်ယန်နှင့် ပို၍ပင် နီးစပ်ရဦးတော့မည်ဆိုသည့် အတွေးနှင့် အတော်လေးကို စိတ်လှုပ်ရှားခဲ့ရသေးသည်။ ထိုရင်နှီးခွင့်က အစပြုလိုက်သည်မှာ ယခုဆိုလျင် သူတို့တွေ အတူတူနေနေကြပြီး နှစ်ဝက်ကျော်တောင် ကြာခဲ့လေပြီ။

နှစ်ဆယ့်ကိုးရက်နေ့တွင် ရုံးဆင်းပြီဆိုသည်နှင့် ချန်ရှောင်း အမြန်လေး အိမ်ပြန်လာသည်။ ယူစရာရှိသည့် ပစ္စည်းပစ္စယမှန်သမျှ ကုမုန့်ယန်က အကုန်ထုပ်ပိုးထားပြီးဖြစ်သည့်တိုင် ညနေစာ ထိုင်စားနေဖို့ အချိန်မရှိတော့၊ ဒါနှင့်ပင် သူတို့သည် လမ်းခရီးတွင် စားသွားဖို့ရန်အတွက် ပေါင်မုန့်တွေ ဝင်ဝယ်ခဲ့လိုက်၏။

A မြို့ကို ရောက်သည့်အချိန်တွင် ညကိုးနာရီ ထိုးသွားခဲ့ပြီ။ ချန်ရှောင်း၏ အိမ်ဆီ အရင်ဝင်ဖို့ရန် တိုင်ပင်ထားခဲ့ကြသည်ဖြစ်ရာ အဝေးပြေးကားပေါ်က ဆင်းသည်နှင့် တက္ကစီတစ်စီးကို တက်စီးလာလိုက်ကြ၏။

"ချန်ရှောင်း .. မင်းရဲ့ မိဘတွေ ခုချိန်ဆို အိပ်ကုန်ကြလောက်ပြီလား ?"

အိမ်အဆင်း လှေကားထစ်နားလေးတွင် ရပ်နေရင်း ကုမုန့်ယန်သည် တံတွေးတစ်ချက်မြိုချကာ စိတ်လှုပ်ရှားစွာနှင့် မေးလာသည်။ ဆောင်းညခင်းဖြစ်ပါလျက်နှင့် ကုမုန့်ယန်၏ နဖူးထက်တွင် ချွေးစေးတွေပြန်နေ၏။ အပေါ်တက်သွားရမည့် လှေကားထစ်မှောင်မှောင်တွေကို ကြည့်ရင်း နေရာမှ ထွက်ပြေးချင်လာသည်။ ထိုသို့တွေးလိုက်မိသည့်အခါ နောက်တစ်ဖန် တံတွေးမြိုချမိရပြန်သည်။

ဟိုဘက်အခန်းက ကိုလူချော {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now