Chapter 762

465 53 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 51 Chapter 762 ရွှမ်းမြောင် အနုပညာ အတွေးအမြင်

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ထိုသို့သောအချိန်၌ ယဲ့ဖန်ရှေ့မှ ရွံ့ဆေးရုပ်တု ဆယ်ခုကျော်ကို ကြည့်ပြီး ဝေ့ချန်ဖန်း မျက်လုံးပြူး မျက်ဆံပြူးဖြင့် အော်ဟစ်ကာ ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်လေ၏။
“ဟေ့ကောင်၊ ဒါ … ဒါတွေအားလုံးကို မင်း လုပ်ထားတာလား”
သူသည်သာမက အဘိုးကိုသည်လည်း ယဲ့ဖန်ကို စိုက်ကြည့်ကာ သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားမိ သွားသည်။ ရှောင်ရွှမ်သည်လည်း အံ့ဩကာ ပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။
ဧကရီဟွမ်အာ၏ ပုံစံအစစ်နှင့် တူလွန်းသည့် ရွံ့စေးရုပ်တုကို သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အမူအရာနှင့် ဆွဲဆောင်မှုပုံစံတို့ကြောင့် ရွံ့စေးရုပ်တုက အချိန်မရွေး အသက်ဝင်လာတော့မည်ဟု ထင်မှတ်မှား ရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လက်ရှိအချိန်တွင် ယဲ့ဖန်သည် သူတို့သုံးယောက် ရှိနေသည်ကို မေ့လျော့နေပုံရသည်။ သူ၏ စိတ်နှင့်ခန္ဓာ နှစ်ခုလုံးသည် ဟွမ်အာ၏ ရွံ့စေးရုပ်တု ဖန်တီးခြင်း၌ နစ်မျောနေ၏။ သူက ရောင်စုံ နတ်ဘုရားရွံ့စေးကို လက်တစ်ဆုပ်စာထပ်ယူ၍ ရွံ့စေးရုပ်တုကို ဆက်တိုက် ဖန်တီးနေသည်။
ထိုအခိုက်တွင် အဘိုးအိုက ပို၍ထိတ်လန့်သွားလေသည်။
“ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေ၊ သူ … သူက ရွံ့စေးရုပ်တုကို စလုပ်လိုက်တာနဲ့ ရွမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေထဲ ဝင်ရောက်သွားတာပဲ၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အဘိုးအို၏ အံ့ဩနေသော အမူအရာကြောင့် ရှောင်ရွှမ်က အဘိုးဖြစ်သူကို ပြန်မေးလိုက်သည်။
“အဘိုး၊ ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေဆိုတာ ဘာလဲ”
သူမသည်သာမက ဘေးနားမှ ဝေ့ချန်ဖန်းသည်လည်း သူတို့ဖက်လှည့်၍ အဘိုးအိုကို ပဟေဠိဖြစ်နေသော အကြည့်များဖြင့် ကြည့်လာသည်။ နှစ်ယောက်လုံး၏ တွေဝေနေသော အမူအရာကို ကြည့်ပြီး အဘိုးအိုက သက်ပြင်းချ၍ ရှင်းပြလိုက်သည်။
“ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေဆိုတာ ငါတို့ ရွံ့စေးရုပ်တု ဖန်တီးတဲ့ မဟာဆရာသခင်အဆင့်ပဲ ဝင်ရောက် နိုင်တဲ့ နယ်မြေတစ်ခုပဲ”
“အတွေးထဲမှာ ရွံ့စေးရုပ်တုရဲ့ အတိတ်က ပုံစံအားလုံး ပေါ်လာလိမ့်မယ်၊ အဲ့အတွေးထဲက ပုံတွေကို နည်းနည်းချင်းစီ ရောနှောပြီးတော့ လက်ကလည်း ရွံ့စေးရုပ်တုကို ပုံဖော်တာပဲ”
“တကယ်လို့ ဒီရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေက နက်နဲတဲ့နေရာတစ်ခုအထိ ရောက်သွားမယ်ဆိုရင် ရွံ့စေးရုပ်တုတစ်ခုက လူတစ်ယောက်ပုံစံ ပြောင်းသွားပြီး အသက်ဝင်လာလိမ့်မယ်”
*ရွံ့စေးရုပ်တုတွေက အသက်ဝင်လာမှာတဲ့လား*
ထိုစကားများကို နားထောင်ပြီးနောက် ရှောင်ရွှမ်နှင့် ဝေ့ချန်ဖန်းတို့သည် သူတို့ နားကြားမှားသွားသည်ဟု ထင်မိသွားကြလေ၏။ အဘိုးအိုကမူ ရှားပါးရတနာတစ်ပါးကို မြင်လိုက်ရသကဲ့သို့ ယဲ့ဖန်ကို ကြည့်ကာ သက်ပြင်းချ လေသည်။
“အံ့ဩစရာပဲ၊ ဒီကောင်လေးက ရွံ့စေးရုပ်တုကို အခုမှ စလုပ်တာတောင် ရွှမ်းမြောင် အနုပညာ အတွေးအမြင် နယ်ပယ်ကို ဝင်ရောက်သွားပြီ၊ သူက ရွံ့စေးရုပ်တု ပြုလုပ်နိုင်တဲ့ မွေးရာပါ ပါရမီရှင်ပဲ”
*ပါရမီရှင်တဲ့လား*
အဘိုးအို၏ အားကျသောစကားသံကို ကြားပြီး ဘေးမှ ရှောင်ရွှမ်က ဝမ်းသာသွားပြီး ယဲ့ဖန်အား လေးစားဟန်အပြည့်ဖြင့် ကြည့်လာသည်။ ဝေ့ချန်ဖန်ကမူ မနာလိုဝန်တို၍ ရူးမတတ် ဖြစ်နေ၏။
သူသည် ရွံ့စေးရုပ်တုဆိုင်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဆိုင်ကို ရောက်လာကတည်းက အဘိုးအိုထံမှ ချီးကျူးခြင်း မခံခဲ့ရပေ။ ထို့အပြင် ရှောင်ရွှမ်က ယဲ့ဖန်ကို လေးစားဟန်ဖြင့် ကြည့်နေသည်ကို မြင်ပြီး သူ ပို၍တောင်မှ မနာလို ဖြစ်မိသည်။
“သွားကြစိုး၊ ဒီလူငယ်လေးရဲ့ အတွေးကို မနှောင့်ယှက်နဲ့၊ ဒီအတွေးက ဘဝမှာ တစ်ခါပဲ ဖြစ်လာနိုင်တာ၊ အတင်းနှောင့်ယှက်ခံရလို့ကတော့ အပြင်းအထန် ဒဏ်ရာရသွားမှာ”
ထိုသို့ပြောပြီး အဘိုးအိုက ရှောင်ရွှမ်နှင့် ဝေ့ချန်ဖန်းတို့အား သူနှင့်အတူ ထွက်သွားရန် အချက်ပြလေသည်။
“အဟွတ် အဟွတ်”
ရုတ်တရက် ဝေ့ချန်ဖန်း၏ ချောင်းဆိုးသံ ထွက်လာသောကြောင့် အဘိုးအိုနှင့် ရှောင်ရွှမ်တို့ မျက်နှာပျက်သွားသည်။
“မကောင်းတော့ဘူး”
အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသည်။ ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာကာ ချက်ချင်း မျက်လုံး ပြန်ပွင့်လာ၏။
ဝုန်း!
ခြိမ်းခြောက်နိုင်သော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဝေ့ချန်ဖန်အား လွှမ်းခြုံလာလေသည်။
“ချီးပဲ”
ဝေ့ချန်ဖန်းသည် သေမင်း၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားမိကာ အကြီးအကျယ် မျက်နှာပျက်သွားပြီး ရှောင်တိမ်းရန် ပြင်လာသည်။ ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက်တည်းဖြင့် သူ့လည်ပင်းကို ညှစ်ကာ ကြက်တစ်ကောင်ကဲ့သို့ ဆွဲမြှောက်လေသည်။ ထို့နောက် သေသည်အထိ လည်ပင်းညှစ်သတ်ရန် ပြင်လာ၏။
“မလုပ်နဲ့”
အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ချောက်ချားသွားပြီး အလျင်အမြန် ဟန့်တားလေသည်။
“လူငယ်လေး၊ ချန်ဖန်းအစား ငါ မင်းကို တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ဒီအဘိုးကြီးရဲ့ မျက်နှာကို ထောက်ပြီးတော့ သူ့အသက်ကို ချမ်းသာပေးပါ”
“အစ်ကိုလေး၊ ချန်ဖန်းအတွက် ကျွန်မ တောင်းပန်ပါတယ်”
ထိုသို့ပြောပြီး မြေးအဘိုးနှစ်ယောက်က ယဲ့ဖန်ရှေ့၌ ဒူးထောက်ကာ ဝေ့ချန်ဖန်းကို အသက်ချမ်းသာပေးရန် တောင်းပန်လေသည်။
ထိုအချိန်တွင် ဝေ့ချန်ဖန်သည်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။ သူသည် ယဲ့ဖန်ထက် သိုင်းအဆင့် အနည်းငယ် မြင့်သော နတ်ဘုရင်အဆင့် ဖြစ်သော်လည်း လက်ရှိအချိန်၌ ယဲ့ဖန်၏ လည်ပင်းညှစ်ခြင်း ခံထားရသော သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းလှသည်ဟု ခံစားမိပြီး ပြန်ခုခံနိုင်သည့် ခွန်အားပင် မရှိပေ။
“ငါ … ငါ မရည်ရွယ်ပါဘူး၊ ငါ့ကို လွှတ်ပေး … ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ …”
ဝေ့ချန်ဖန်း အလွန် ကြောက်လန့်ကာ ယဲ့ဖန်အား အလန့်တကြား ကြည့်နေမိသည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
သူ့အနေဖြင့် ဝေ့ချန်ဖန်းအား လက်တစ်ဖက်တည်းဖြင့် သတ်လိုက်နိုင်သော်လည်း ထိုသူကို သတ်လိုက်ခြင်းက အဘိုးအိုနှင့် မိန်းမပျိုလေးကို စိတ်ထိခိုက်သွားစေလိမ့်မည်။
“မင်းက အသတ်ခံရလောက်တဲ့အထိ အပြစ်ရှိတယ်၊ ဒါပေမဲ့ မင်း တစ်သက်လုံး အပြစ်ကနေ မလွတ်နိုင်ပါဘူး”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ကိုဆုပ်၍ ဝေ့ချန်ဖန်းကို အားဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း!
ဂျွတ်! ဂျွတ်!
ယဲ့ဖန်က ဝေ့ချန်ဖန်းကို ထိုးလိုက်ချိန်တွင် ဝေ့ချန်ဖန်း၏ သွေးကြောများအားလုံး ပေါက်ကွဲပျက်စီးသွားကာ လူတစ်ကိုယ်လုံးသည်လည်း ယင်ကောင်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားသည်။ ထို့နောက် မြေကြီးပေါ် ပြုတ်ကျကာ သွေးအန်လေတော့သည်။
“မင်း … မင်း ငါ့သိုင်းအဆင့်ကို ဖျက်ဆီးပစ်မယ်”
ဝေ့ချန်ဖန်း သွေးပျက်သွားသည်။ ယဲ့ဖန်ကြောင့် သူ့ကိုယ်ထဲမှ သွေးကြောအားလုံး ပျက်စီးသွားပြီး နတ်ဘုရား စွမ်းအင်သည်လည်း ဖုန်မှုန့်ကဲ့သို့ ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်မိသည်။ သူသည် စွမ်းအင်အားလုံး ခြောက်ခမ်းသွားကာ နတ်ဘုရားစွမ်းအင် အနည်းငယ်မျှကိုပင် မထုတ်ဖော်နိုင်တော့ချေ။
*ဒါက …*
*ရက်စက်လွန်းတယ်*
*ဖိနှိပ်ညှင်းပန်းလွန်းတယ်*
သူ့နားရှိ မြေးအဘိုးနှစ်ယောက်တောင်မှ ယဲ့ဖန်၏ ရက်စက်မှုကြောင့် ထိတ်လန့်သွားကြသည်။ သူတို့ကြောင့် သာမဟုတ်ပါ ဝေ့ချန်ဖန်းတစ်ယောက် ဤမိစ္စာလက်ထဲ၌ သေနေပြီဟု ခံစားမိသွားသည်။
“မင်းကို အသုံးမကျအောင် လုပ်လိုက်လို့ ဟုတ်လား”
ယဲ့ဖန်က လူသတ်လိုဟန်ဖြင့် ပြုံးကာ ဝေ့ချန်ဖန်းကို စူးစိုက်ကြည့်၍ အေးစက်စွာ ပြောလေသည်။
“ဟမ့်၊ မင်းက ငါ့ကို သတ်ချင်နေခဲ့တာလေ”
ထိုစကားကြောင့် ဝေ့ချန်ဖန်း အပြင်းအထန် တုန်ယင်သွားပြီး ချက်ချင်း ခေါင်းငုံ့ကာ ဘာမှထပ်မပြောရဲတော့ပေ။ ဤအဖြစ်ကြောင့် အဘိုးအိုက အလျင်အမြန် ဝင်ပြောလိုက်သည်။
“လူငယ်လေး၊ ချန်ဖန်းက တမင် ရည်ရွယ်တာ မဟုတ်ပါဘူး၊ အခု သူလည်း အပြစ်ပေးခံလိုက်ရပြီဆိုတော့ မင်း သူ့ကို ခွင့်လွှတ်ပြီး လွှတ်ပေးလိုက်ပါတော့”
“ဟုတ်ပါတယ်၊ အစ်ကိုလေး၊ ဒီတစ်ခေါက် ခွင့်လွှတ်ပေးလိုက်ပါ”
ရှောင်ရွှမ်ကလည်း ယဲ့ဖန်ကို ဝင်ဖျောင်းဖျလေသည်။ သူတို့စကားကြောင့် ယဲ့ဖန်က ပခုံးသာ တွန့်ပြလိုက်သည်။ ထို့နောက် သူက အရေးမလုပ်တော့ဘဲ ပြန်ထိုင်ကာ ရွံ့စေးရုပ်တုများ ထပ်မံ၍ ဖန်တီးလေတော့သည်။
သူ ပြုလုပ်သမျှ ရုပ်တုတိုင်းက ဟွမ်အာ၏ ရုပ်တုများပင်။ ပြုံးနေပုံ၊ လှုပ်ရှားနေပုံများက အသက်ဝင်လာ တော့မည်ဟု ထင်မှတ်ရသည်။ ဤမြင်ကွင်းကြောင့် အဘိုးအို ပို၍ ထိတ်လန့်သွားသည်။
“ရွှမ်းမြောင် အနုပညာစိတ်ကူးနယ်မြေ”
ယဲ့ဖန်က ရွှမ်းမြောင် အနုပညာစိတ်ကူးနယ်မြေထဲသို့ ထပ်မံ၍ ဝင်ရောက်သွားသည်ကို သုံးယောက်လုံး ခံစားမိနေပြီး သူ့လက်ဖြင့် ပြုလုပ်သမျှ ရွံ့စေးရုပ်တုတိုင်းက သက်ရှိကဲ့သို့ အသက်ဝင်လာတေ့မည်ဟု ထင်မှတ်ရလေသည်။
ရွှမ်းမြောင် အနုပညာစိတ်ကူးနယ်မြေက သာမန် ရွံ့စေးရုပ်တု ပညာရှင်တစ်ယောက်အတွက် အလွန်ရှားပါးလှပြီး ဘဝတစ်သက်၌ ထိုနယ်မြေသို့ တစ်ကြိမ်တစ်ခါသာ ဝင်ရောက်နိုင်သည်ကို သုံးယောက်လုံး သိထားကြသည်။
သို့သော် ယခုအခါတွင်မူ ယဲ့ဖန်က ထိုကဲ့သို့သော နယ်မြေအား သူ အလိုရှိချိန်တိုင်း ဝင်ရောက်နိုင်ပုံ ပေါ်နေသဖြင့် အံ့အားသင့်စရာ ကောင်းလှသည်။

ငရဲမှလာသောသူ (Chapter 601 to 800)Where stories live. Discover now