ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 53 Chapter 782 ရတနာ ရောင်းချခြင်း
ပိုင်ပေါင်စံအိမ်။
ဤစံအိမ်သည် ချင်းယန်မြို့တွင် လက်နက်များနှင့် ရတနာများ ရောင်းချသည့် နာမည်အကြီးအဆုံး လေလံစံအိမ် ဖြစ်လေသည်။
ပိုင်ပေါင်စံအိမ်၏ နောက်ခံက အလွန်အမင်း ကြောက်စရာကောင်းသည်ဟု သတင်းထွက်နေသည်။ ချင်းယန်မြို့ရှိ ချင်းမိသားစုထက်တောင်မှ ပို၍ အင်အားကြီးသေးသည်ဟု သတင်းထွက်နေ၏။
သို့သော် ပိုင်ပေါ်စံအိမ်သခင်သည် ခပ်လျှိုလျှိုနေပြီး အာဏာအတွက် မတိုက်ခိုက်ဘဲ စီးပွားရေးသာ လုပ်လေသည်။
ချင်းမိသားစုသာမက မှော်ဆေးပညာရှင် အဖွဲ့အစည်းသုံးခုကပင် ထိုစံအိမ်ကို ရန်မစရဲပေ။
ယနေ့တွင် ပိုင်ပေါင်စံအိမ်အတွင်း၌ စီးပွားရေးက ပုံမှန်အတိုင်း လည်ပတ်နေ၏။ စံအိမ်ထဲ၌ ဝယ်သူတစ်ချို့က ဟိုတစ်စ ဒီတစ်စနှင့် ရတနာများကို ရွေးချယ်နေကြသည်။ များစွာသော အလုပ်သမားများက အလုပ်မရှိသဖြင့် ကောင်တာပေါ်တွင် လေးကန်ဟန်ဖြင့် လှဲနေကြသည်။
ထိုစဉ် လူတစ်ယောက်က စံအိမ်ထဲသို့ ဝင်လာသည်။ ဧည့်သည်ဝင်လာသည်ကို မြင်ပြီး အလုပ်သမားများက ချက်ချင်း တက်ကြွလာပြီး အားမာန်အပြည့်ဖြင့် ပြုံးကာ နှုတ်ဆက်ရန် ပြင်လာသည်။
ထိုအခိုက်တွင် စံအိမ်ထဲသို့ ဝင်လာသူက သာမန်ဝတ်စုံနှင့် လက်မောင်းတစ်ဖက်သာ ရှိသော ဆံပင်အဖြူရောင်နှင့် လူငယ် တစ်ယောက်သာ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုအခါ အလုပ်သမားအားလုံးနီးပါးက အထင်သေးသွားပြီး မျက်နှာပေါ်မှ အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့အပြင် အလုပ်သမား တစ်ယောက်က ပျက်ရယ်ပြုကာ ယဲ့ဖန်ကို လှမ်းပြောလိုက်သည်။
“မင်း လမ်းမှားနေပြီ၊ အဆင့်နိမ့် ပစ္စည်း ဝယ်ချင်တယ်ဆိုရင် နောက်လှည့်ပြီး ပြန်ထွက်သွားလိုက်၊ အဲ့ဒါတွေကို ဈေးထဲမှာ သွားဝယ်လို့ ရတယ်”
“ဒီမှာ ငါတို့က သိုင်းပညာရှင်တွေကို အဖိုးတန် ရတနာတွေပဲ ရောင်းတယ်”
သူ့စကားနှင့်အတူ အလုပ်သမား အားလုံးက အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် မသန်စွမ်းသူတစ်ယောက်က ပိုင်ပေါ်စံအိမ်မှ ရတနာများကို ဝယ်ချင်နေသည်က ဟာသတစ်ပုဒ်ဟု ထင်မှတ်နေကြသည်။
သို့သော် သူတို့ အထင်သေးစွာ ကြည့်နေသော်လည်း ယဲ့ဖန်က ပုံမှန်မျက်နှာထားဖြင့် ပြောလိုက်သည်။
“ငါ ရတနာတွေ မဝယ်ဘူး”
*ဟမ်*
*ရတနာကို မဝယ်ဘူးလား*
ထိုစကားကြောင့် လူတိုင်း မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် အနားမှ လူတစ်ယောက်က မေးလာသည်။
“ဒါဆို မင်း ဘာလာလုပ်တာလဲ”
“ရတနာ လာရောင်းတာ”
*ဟမ်*
ယဲ့ဖန်က ရိုးရိုးရှင်းရှင်း ပြောလိုက်သော်လည်း ထိုစကားကြောင့် အလုပ်သမားများနှင့် ဝယ်သူအားလုံးကြား၌ ပွက်လောရိုက် သွားလေသည်။
*မသန်စွမ်းလေးက ရတနာ လာရောင်းမှာပေါ့လေ*
*အံ့ဩစရာပဲ*
*ရတနာတစ်ခု ရှိနေတဲ့လူက ဘယ်လိုလုပ်ပြီး မသန်စွမ်း ဖြစ်လာမှာလဲ*
ထိုအချိန်တွင် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ပြောလာသည်။
“မင်းတို့သူဌေးကို ခေါ်လိုက်၊ ငါ့မှာ ရောင်းစရာ ရတနာတစ်ချို့ ရှိတယ်”
*ဘာ*
အလုပ်သမားများသည် ပို၍အံ့ဩသွားပြီး သူတို့ နားကြားမှားသွားသည်ဟု ထင်လာကြသည်။
*သူဌေးကို ခေါ်ရမယ်ဟုတ်လား*
*ရတနာတစ်ချို့ ရောင်းမယ်တဲ့လား*
*ဒီကောင် လာနှောင့်ယှက်နေတာပဲ*
အလုပ်သမားများအားလုံးသည် တစ်ဒင်္ဂမျှ ငြိမ်သက်သွားပြီး ယဲ့ဖန် အမှန်အတိုင်း ပြောခြင်း ဟုတ်၊ မဟုတ် ချင့်ချိန်နေကြသည်။
“ဟေ့ကောင်၊ ငါတို့သူဌေးက တအား အလုပ်များနေတယ်၊ မင်း သာမန်ရတနာတွေကို ရောင်းချင်တာဆိုရင် ငါတို့ကိုပဲ ပြလိုက်”
“မဟုတ်ရင် ငါတို့ဆိုင်ရှင်ကို နှောင့်ယှက်သလို ဖြစ်သွားပြီး မင်းကို ဒီနားတစ်ဝိုက်ကို မလာနိုင်အောင် လုပ်ပစ်လိုက်မယ်”
အလုပ်သမားများက ရဲရဲတင်းတင်း ခြိမ်းခြောက်စကား ဆိုလာကြသည်။ ယခုခေတ်သည် အားနည်းသူများက အားကြီးသူများ၏ သားကောင် ဖြစ်ရသည့် ခေတ်ကာလ ဖြစ်သည် မဟုတ်ပါတကား။
မိမိက သန်မာနေပါက လူတိုင်းက မိမိကို လေးစားကြသည်။ မိမိက အားနည်းနေပါက ခွေးကပင် မိမိကို အဖက်မလုပ်ချင်ပေ။ ဤသည်က အမှန်တရားတစ်ခုပင်။
သူတို့၏ စကားကြောင့် ယဲ့ဖန်၏ အကြည့်များက အေးစက်လာပြီး ထိုလူများက တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ငါ တစ်ခါပဲ ထပ်ပြောမယ်၊ မင်းတို့ ပိုင်ရှင်ကို ထွက်လာခိုင်းလိုက်၊ မဟုတ်လို့ကတော့ နောက်စံအိမ်တစ်ခုမှာ သွားရောင်းလိုက်မယ်”
သူ၏စကားသံက ပို၍မောက်မာလာသည်။ ပိုင်ပေါင်စံအိမ်က အကြီးဆုံး ရတနာ ရောင်းဝယ်ရေး စံအိမ် ဖြစ်သော်လည်း ချင်းယန်မြို့၌ ရတနာရောင်းဝယ်ရေးဆိုင်က တစ်ဆိုင်တည်း ရှိနေသည် မဟုတ်ပေ။ အခြားသော အင်အားကြီးသည့် ရတနာ ရောင်းဝယ်ရေး နေရာများလည်း ရှိသေးသည်။
အကယ်၍ အဖိုးတန် ရတနာများကို အမှန်တကယ် လာရောင်းခြင်း ဖြစ်ပါက သူတို့သည် သူဌေး၏ ရိုက်နှက်ခြင်း ခံရပေမည်။
လက်ရှိအချိန်၌ အလုပ်သမားအချို့၏ မျက်နှာက အလွန် သုန်မှုန်သွားသည်။ ထို့နောက် လူတစ်ယောက်က အံ့ဩဒေါသထွက်ဟန်ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေပြီးနောက် ပြန်ပြောလာသည်။
“ကောင်းပြီလေ၊ ဟေ့ကောင်လေး ခဏစောင့်နေ၊ ငါ သူဌေးကို အခုပဲ သွားခေါ်လိုက်မယ်”
“ဒါပေမဲ့ မင်း ထိုက်နဲ့ မင်းကံပဲနော်”
ထိုသို့ပြောပြီး ထိုလူက အနောက်ဘက်သို့ ခပ်သွက်သွက် ပြေးဝင်သွားသည်။ တစ်ခဏအကြာ၌ ထိုလူ ပြန်ထွက်လာပြီး သူ့နောက်မှ လူလတ်ပိုင်းအရွယ် ဗိုက်ရွှဲရွှဲလူတစ်ယောက် လိုက်လာသည်။
“ဟေ့ကောင်၊ ငါတို့သူဌေး ဒီရောက်လာပြီ၊ ရတနာရှိတယ်ဆိုရင် ထုတ်လိုက်တော့”
လူပေါင်းများစွာက ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာကြသည်။ သူတို့ပုံစံက ယဲ့ဖန် ဟာသလုပ်မည်ကို စောင့်ကြည့်နေသည့်ပုံပင်။
ထို့အတူ လူလတ်ပိုင်းအရွယ် ဗိုက်ရွှဲရွှဲနှင့်လူက ယဲ့ဖန်၏ အဝတ်အစားကိုကြည့်ပြီး မျက်မှောင်ကြုတ်လာသည်။ သို့သော် သူက ပြုံး၍ ပြောလာသည်။
“ဒီညီလေးက ဘာရောင်းမလဲဆိုတာ ငါ သိလို့ရမလား”
ထိုအခါ အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်လာကြသည်။ ထိုအခါ ယဲ့ဖန်က ခေါင်းအသာခါပြလေသည်။
“မင်း မဟုတ်ဘူး”
“ငါ ပြောတာက တတိယထပ်မှာ ထိုင်နေတဲ့ လူကြီးနဲ့ မိန်းကလေးတစ်ယောက်ကို ပြောတာ”
“သူတို့ကို ထွက်လာခိုင်းလိုက်”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် အားလုံး ထိတ်လန့်သွားသည်။ အထူးသဖြင့် ဗိုက်ရွှဲရွှဲနှင့် သူဌေးက ထိတ်လန့်ကာ မယုံသင်္ကာဟန်ဖြင့် ကြည့်လာသည်။
တတိယထပ်မှာ လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က မည်သို့သော လူမျိုးများ ဖြစ်သည်ကု သူ အသိဆုံး ဖြစ်သည်။ ယခု ဤကောင်လေးက မည်သို့ သိနေရသနည်း။
ထိုစဉ် ယဲ့ဖန်က လက်ကိုလှုပ်ကာ လက်နက် အပိုင်းအစတစ်ခုကို ထုတ်လိုက်ပြီး ဗိုက်ရွှဲရွှဲနှင့် သူဌေးကို ပေးလိုက်သည်။
“သူတို့ကို ဒါ ပေးလိုက်၊ သူတို့ဘာသာသူတို့ ဆုံးဖြတ်ပါစေ”
*ဟမ်*
ထိုအခါ လူတိုင်းက ထိုအပိုင်းအစကို ဝိုင်းကြည့်လာသည်။ ထိုအရာကား လက်နက်တစ်ခု၏ ထိပ်အပိုင်းအစ ဖြစ်သည်။ ၎င်းမှ မည်သည့် နတ်ဘုရားစွမ်းအင်များ ထွက်ပေါ်နေခြင်း မရှိပေ။
သူဌေး၏ မျက်နှာထားက ပို၍ပျက်ယွင်းသွားသည်။ သူ့စိတ်ထဲတွင် ဤအရာက သာမန် သံအပိုင်းအစတစ်ခုထက် မပိုပေ။ အကယ်၍ ဤအရာကိုသာ အပေါ်က နှစ်ယောက်ကို သွားပြပါက ဘာမှမဟုတ်သော အရာ ဖြစ်နေပါက သူ အထောင်းခံရပေမည်။
ဤသို့တွေးမိပြီး သူဌေးက ယဲ့ဖန်ကို သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။
“ဟေ့ကောင်လေး၊ မင်း ငါ့ကို လာနောက်နေတာလား”
ယဲ့ဖန်က ပြန်မဖြေဘဲ ပြုံး၍ခေါင်းခါပြလိုက်သည်။ ဤမြင်ကွင်းကြောင့် သူဌေးက ပို၍ မျက်နှာမည်းသွားသည်။
“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ့ဘာသာငါ သွားပြလိုက်မယ်”
“ဒါပေမဲ့ မင်း ငါတို့ကို လာနောက်နေတာဆိုရင် ငါတို့ ပိုင်ပေါင်စံအိမ်က ရိုင်းပျတယ်ဆိုပြီး လာအပြစ်မတင်နဲ့”
သူဌေးက အေးတိအေးစက် ခြိမ်းခြောက်၍ အပေါ်သို့ တက်သွားသည်။ ဘေးပတ်လည်မှ အလုပ်သမားများက ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“ဟေ့ကောင်၊ မင်းက တော်တော် သတ္တိရှိတာပဲ၊ ငါတို့ ပိုင်ပေါင်စံအိမ်ကို လာပြီး နောက်ပြောင်ရဲတယ်ပေါ့၊ ငါတို့ သူဌေး စိတ်ဆိုးသွားတာ မင်း မမြင်ဖူးလား”
“ညီအစ်ကိုတို့ သူ့ကို အရင်ဝိုင်းထားကြ၊ ဒါမှ သူ ထွက်မပြေးနိုင်မှာ”
ချက်ချင်းဆိုသလိုပင် ထိုလူများက ယဲ့ဖန်ကို ပြိုင်တူဝိုင်း၍ လှောင်ရယ်ကာ သတင်းကို စောင့်နေကြသည်။ တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။
သို့သော် အပေါ်ထပ်မှ ဘာသတင်းမှ မကြားရပေ။ လူတိုင်း စောင့်နေရသည်ကို စိတ်မရှည်တော့သည့် အချိန်တွင် ဗိုက်ရွှဲရွှဲနှင့် သူဌေးက ဖြည်းဖြည်းချင်း ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာထားက ဖြူရော်၍ ချွေးပြန်ကာ ကြည့်ရဆိုးနေ၏။
ဤမြင်ကွင်းကြောင့် အလုပ်သမားများ ဒေါသထွက်သွားသည်။ သူတို့ အချိန်ကုန်သွားသည်သာ အဖက်တင် သည်ဟု ထင်သွားကြလေသည်။
“ညီအစ်ကိုတို့၊ သူ့ကိုဖမ်းကြ၊ ငါတို့ပိုင်ပေါင်စံအိမ်ကို လာလှောင်ပြောင်ရဲမှတော့ သေသင့်တယ်”
“တက်”
ထိုအခါ လူများစွာက ယဲ့ဖန်ထံ ပြေးဝင်လာသည်။ ယဲ့ဖန်က မလှုပ်မယှက်နှင့် သူနှင့်မဆိုင်သကဲ့သို့ အေးအေးဆေးဆေး ကြည့်နေသည်။
ဖြောင်း! ဖြောင်း! ဖြောင်း!
ထိုစဉ် ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အလုပ်သမားများသည် ယဲ့ဖန်၏ အဝတ်အစားကိုပင် မထိရသေးဘဲ လွင့်ထွက်သွားသည်။ ပြန်ပြုတ်ကျလာသည်နှင့် သူတို့အားလုံး သွေးအန်သွားကြသည်။
ထိုလူများအားလုံး နားဝေတိမ်တောင် ဖြစ်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
“သူဌေး၊ ခင်ဗျား … ခင်ဗျား”
သူတို့ကို ရိုက်နှက်လိုက်သည့်သူက သူတို့သူဌေး ဖြစ်နေလိမ့်မည်ဟု ထင်မထားမိကြချေ။
*သူ အခုလေးတင် စိတ်ဆိုးနေတာ မဟုတ်ဘူးလား*
*ဘာလို့ ဒီကောင်ကို ကာကွယ်နေရတာလဲ*
အလုပ်သမားများ၏ အမူအရာကိုကြည့်ပြီး သူဌေးက ဝါးစားမတတ်ဟန်ဖြင့် ကြည့်လာသည်။
“စောက်တုံးတွေ၊ ငါတို့ရဲ့ အရေးကြီးတဲ့ ဖောက်သည်ကို ကန်ထုတ်လုနီးပါး ဖြစ်သွားတာကွ၊ ချီးတဲ့မှပဲ”
ထို့နောက် သူဌေးက ပြုံး၍ ယဲ့ဖန်ကို မျက်နှာချိုသွေးလာသည်။
“လူကြီးမင်း၊ ကျွန်တော် မသိတတ်လို့ သတိမထားလိုက်မိတာ၊ ရန်စမိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ”
“ကြွပါခင်ဗျာ၊ လူကြီးမင်းကို အပေါ်မှ ဆရာတို့ စောင့်နေပါတယ်”
ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။
