ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 51 Chapter 765 ရုပ်တုစစ်တပ်
*သခင်လေးလေးယောက်ရဲ့ သခင်ကြီးတဲ့လား*
ထိုစကားကို ကြားသည်နှင့် ဝေ့ချန်ဖန်း အလွန်အမင်း ထိတ်လန့်သွားသည်။
“ဘယ်လိုလုပ် … သူ … သူက နတ်ဧကရာဇ်အဆင့်လေးပဲလေ”
သခင်လေး လေးယောက်သည် ဝိညာဉ်မြို့တော် တစ်ခုလုံး၏ အရှင်သခင် ဖြစ်သည်။ ထိုကဲ့သို့သော သူများ၏ သခင်ကြီး ဖြစ်သည်ဟူသော အချက်က ဝေ့ချန်ဖန်း ယုံရခက်နေ၏။
“နတ်ဧကရာဇ် အဆင့်တဲ့လား”
ထိုစကားကြောင့် ဟန်ကျစ်ချိုးက လှောင်ပြောင်သရော်သည့် မျက်နှာထားဖြင့် ဝေ့ချန်ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“ဝမ်းကွဲညီလေး၊ မင်း တကယ် အမြင်မရှိတာပဲ၊ အဲ့လူက ဖုံးကွယ်ထားတဲ့ အင်အားကြီးပုံရိပ် ရှိတဲ့လူပဲ”
“သူနဲ့ သခင်လေး လေးယောက်တို့ စိတ်ဝိညာဉ်တောင်ပေါ် တက်သွားတာကို ငါတို့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရတာ၊ အခု စိတ်ဝိညာဉ်သခင်နဲ့ သခင်လေး လေးယောက်လုံး ပျောက်နေသလို နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လုံး သေသွားပြီး သူ တစ်ယောက်တည်းပဲ အသက်ရှင် ကျန်နေတာ၊ သူက ဒီလောက် ရိုးရှင်းတဲ့လူလို့ မင်း ထင်နေတုန်းပဲလား”
ထိုစကားကြောင့် ဝေ့ချန်ဖန်း မှင်တက်သွားသည်။
*စိတ်ဝိညာဉ်သခင်နဲ့ သခင်လေး လေးယောက် ပျောက်သွားတယ်လား*
*နတ်သခင် တစ်ပိုင်းအဆင့် နှစ်ဆယ့်သုံးယောက်လည်း သေသွားတယ်တဲ့လား*
*ဒါတွေအားလုံးက ဒီလူကြောင့်ပေါ့လေ*
ဝေ့ချန်ဖန်းသည် ထိုနာမည်များကို ကြားပြီး တစ်ခဏမျှ ကြက်သီးထသွားပြီး ထိုကိစ္စအားလုံးက ဤလူနှင့် မည်သို့ ပတ်သက်နေသလဲ မတွေးတတ်တော့ချေ။ ဟန်ကျစ်ချိုးက ဝေ့ချန်ဖန်းကို သေချာစိုက်ကြည့်နေ၏။
“ဝမ်းကွဲညီလေး၊ ငါ မင်းကို အကြံပေးလိုက်မယ်”
“ကိုယ့် … ကိုယ့်သေတွင်း ကိုယ်တူးမနေနဲ့”
ထိုစကားသံက အလွန်အမင်း အေးစက်နေပြီး ဝေ့ချန်ဖန်းအား ချက်ချင်း တုန်ယင်သွားစေသည်။
“ကျွန်တော် နားလည်ပါပြီ ဝမ်းကွဲအစ်ကို”
ဝေ့ချန်ဖန်း ခေါင်းငုံ့သွားသော်လည်း သူ့မျက်လုံးတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ယဲ့ဖန်က ထူးခြား ဆန်းကြယ်သော လူတစ်ယောက် ဖြစ်သော်လည်း သူ လက်စားချေနိုင်မည့် အခွင့်အရေး မရှိနိုင်ဟု မပြောနိုင်ပေ။
“စောင့်နေလိုက်၊ ဟေ့ကောင် တစ်နေ့ကျရင် ငါ ပြန်လာပြီး မင်း ငါ့ကို အရှက်ကွဲအောင် လုပ်ခဲ့သမျှ အရာအားလုံးကို ပြန်ပေးဆပ်ခိုင်းမယ်”
ဝေ့ချန်ဖန်းသည် တစ်စုံတစ်ခုကို တွေးမိသွားသည့်ဟန်ဖြင့် မနာလိုမုန်းတီး၍ အန္တရာယ်ပေးလိုသော အပြုံးမျိုး ပြုံးလာသည်။
….
အချိန်ကား တဖြည်းဖြည်း ကုန်ဆုံးလာ၏။ တစ်ခဏလေးအတွင်းမှာပင် သုံးရက်မြောက်နေ့သို့ ရောက်လာသည်။ ဤရက်ပိုင်းအတွင်း၌ ဖီးနစ်မယ် ရွံ့စေးရုပ်တုဆိုင်သည် ဝိညာည်မြို့တော် တစ်ခုလုံး၌ နာမည်အကြီးဆုံး ဆိုင်များထဲမှ တစ်ဆိုင် ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် ထိုဆိုင်မှရောင်းချသော ရွံ့စေးရုပ်တုများသည် တကယ့်လူတစ်ယောက်နှင့် တူလှပြီး အံ့ဩစရာကောင်းကာ အသက်ဝင်လှသောကြောင့်ပင်။
ရွံ့စေးရုပ်တုဆိုင်များအားလုံး၏ စံချိန်စံနှုန်းများ နင်းခြေခံရလုနီးပါး ဖြစ်သွားလေသည်။ ရွံ့စေးရုပ်တု အသစ်များ ထွက်လာတိုင်း အလုအယက် ဝယ်ယူကြသည်။
“မြတ်စွာဘုရား၊ ဒီလို လက်ရာမြောက်တဲ့ ရွံ့စေးရုပ်တုက လူတစ်ယောက်နဲ့ အတိအကျ တူနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“ဟုတ်တယ်၊ ဧကရီရဲ့ ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ လုပ်ကြံခံလိုက်ရတာ နှမြောစရာကောင်းလိုက်တာ”
“…”
ဖောက်သည်များအားလုံးသည် ဧကရီ၏ ရွံ့စေးရုပ်တုကို ကြည့်ပြီး မှင်တက်နေကြသည်။ ထိုရွံ့စေးရုပ်တုများသည် အချိန်မရွေး အသက်ဝင်လာတော့မည်ဟု ထင်မှတ်ရလေ၏။
အနောက်ဘက် မြေကွက်လပ်တွင်မူ အဘိုးအိုနှင့် ရှောင်ရွှမ်တို့ အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့ရှေ့မှ ယဲ့ဖန်သည် သုံးရက်တိုင်တိုင် ထိုနေရာ၌ ထိုင်မြဲထိုင်နေ၏။
သူသည် သုံးရက်လုံး မရပ်နားဘဲ ရွှမ်းမြောင် အနုပညာ စိတ်ကူးနယ်မြေထဲ နစ်မျောကာ ရွံ့စေးရုပ်တုများ ပြုလုပ်နေခဲ့သည်။
ထို့အတူ သူ ပြုလုပ်သည့် ရွံ့စေးရုပ်တုများကလည်း ပိုပို၍ အံ့ဩစရာကောင်းလှသည်။ ရုပ်တုတစ်ခုချင်းစီက ဆွဲဆောင်မှု ရှိလေသည်။
ထို့အပြင် ယဲ့ဖန်က ဟွမ်အာ၏ ရွံ့စေးရုပ်တုအား ကလေးဘဝပုံ၊ ကလေးမလေး၊ ဆယ်ကျော်သက် မိန်းကလေးပုံနှင့် အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ပုံအထိ ဖန်တီးနေသည်။
ရုပ်တုတစ်ခုချင်းစီက ဧကရီ ကြီးပြင်းလာသည့် သမိုင်းမှတ်တမ်းနှင့် တူနေသဖြင့် မြေးအဘိုးနှစ်ယောက် ပို၍အံ့ဩသွားရသည်။
“အဘိုး၊ ဒီအစ်ကိုလေးက ဧကရီနဲ့ သိနေလိမ့်မယ်လို့ အဘိုး ထင်လား၊ အဲ့လိုမှမဟုတ်ရင် ဧကရီ ငယ်ငယ်တုန်းက ဘယ်လိုပုံရှိတယ်ဆိုတာကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ”
ရှောင်ရွမ်သည် ယဲ့ဖန်နှင့် ပတ်သက်၍ အလွန် သိချင်နေမိသည်။ သူ့စိတ်ထဲတွင် ဤအစ်ကိုလေးက အမြဲတမ်း ထူးခြား ဆန်းကြယ်နေ၏။ အဘိုးအိုတောင်မှ မှင်တက်အံ့ဩနေရသည်။
“ဒီလူငယ်လေးက ဧကရီကို သိလားဆိုတာတော့ အဘိုး မသိဘူး၊ ဒါပေမဲ့ သူ ဖန်တီးနေတဲ့ ရွံ့စေးရုပ်တုတွေက ပိုပိုပြီး အသက်ဝင်လာတာကိုတော့ အဘိုး မြင်နေရတယ်၊ အဲ့ဒါတွေက … လူဖြစ်လာတော့မယ့်ပုံပဲ”
အဘိုးအို၏ စကားကြောင့် ရှောင်ရွှမ် တုန်လှုပ်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။
“အဘိုး၊ ဒီအစ်ကိုလေးအတွက် ရွံ့စေးရုပ်တုကို အသက်ဝင်လာအောင် လုပ်နိုင်ဖို့ နှစ်ချီကြာလိမ့်မယ်လို့ အဘိုး မပြောခဲ့ဘူးလား၊ အခု သုံးရက်ပဲ ရှိသေးတာကို၊ ဘယ်လိုလုပ် …”
ရှောင်ရွှမ် မယုံသင်္ကာ ဖြစ်နေ၏။ ရုပ်တုများသည် ဒဏ္ဍာရီဆန်သော အရာများ ဖြစ်သည်။ စကြဝဠာတွင်းမှ အတော်ဆုံးသော ရွံ့စေးရုပ်တု ပညာရှင်တောင်မှ ဤသို့ မလုပ်နိုင်ပေ။
ယခု ယဲ့ဖန်သည် ရွံ့စေးရုပ်တု ဖန်တီးသည်မှာ သုံးရက်သာ ရှိသေးပြီး ပညာရှင်များထက် ပိုသာနိုင်ပါ့မလား။ ရှောင်ရွှမ်သာမက အဘိုးအိုသည်လည်း မချိပြုံး ပြုံးလိုက်မိသည်။
“မင်း မပြောနဲ့၊ အဘိုးတောင် မယုံနိုင်ဘူး”
“မင်း သတိမထားမိလို့၊ အခု သူ လုပ်နေတဲ့ ရွံ့စေးရုပ်တုက မျက်လုံးတွေက လင်းလက်သွားတယ်၊ တကယ့် လူတစ်ယောက် ဖြစ်လာခါနီးနေပြီ”
ထိုစကားကြောင့် ရှောင်ရွှမ် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ရွံ့စေးရုပ်တုကို သူ ကပျာကယာ လှမ်းကြည့်လိုက်သောအခါ အသစ် ဖန်တီးထားသော ရွံ့စေးရုပ်တုများ၏ မျက်လုံးများက တောက်ပနေပြီး စိတ်ဝိညာဉ် ရှိသကဲ့သို့ ဖြစ်နေ၏။ အလွန် တုန်လှုပ်ဖွယ် ကောင်းလှသည်။
ထိုစဉ် ယဲ့ဖန်က အနီရောင်ဝတ်စုံ ဝတ်ထားသော ဟွမ်အာပုံကို စတင်၍ ဖန်တီးလေသည်။ ဤရွံ့စေးရုပ်တု၌ သူ၏ နှလုံးသားရော စိတ်ဝိညာဉ်ပါ ထည့်သွင်း ဖန်တီးထားပုံ ရသည်။ သူ့နဖူးမှ ချွေးများ စတင် စီးကျလာသည်။
သူ ဖန်တီး ပြုလုပ်နေစဉ်အတွင်း၌ သူ့ဘေးပတ်လည်မှ လေဟာနယ်တောင်မှ စတင်လှုပ်ရှားလာပြီး ကောင်းကင် တာအိုသဘောတရား စွမ်းအင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရွံ့စေးရုပ်တုထဲသို့ ဝင်ရောက် ပေါင်းစည်း သွားသည်ကို အဘိုးအိုနှင့် ရှောင်ရွှမ်တို့ ထိတ်လန့်တကြား တွေ့လိုက်ရသည်။
ရွံ့စေးရုပ်တုကို ယဲ့ဖန် အောင်အောင်မြင်မြင် ပြုလုပ်ပြီးနောက် လောကတစ်ခုလုံး တုန်လှုပ်လာပြီး နေသာနေသော နေ့တွင် ကောင်းကင်မှ မိုးကြိုးပစ်ချလာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တိမ်များ ထူထပ်၍ လျှပ်စီးလက်လာသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်သော တစ်စုံတစ်ရာက မည်သည့်နေရာ၌မဆို မွေးဖွားလာတော့မည်ဟု ထင်မှတ်ရသည်။
ဤမြင်ကွင်းက အဘိုးအိုနှင့် ရှောင်ရွှမ်တို့ကို
ဤမြင်ကွင်းက အဘိုးအိုနှင့် ရှောင်ရွှမ်တို့ကို အလွန်အမင်း ကြောက်လန့်သွားစေသည်။ ထို့အပြင် ယဲ့ဖန် ပြုလုပ်ထားသော အနီရောင်ဝတ်စုံနှင့် ဟွမ်အာရုပ်တုကို မြင်ပြီး ရှောင်ရွှမ်၏ မျက်နှာထားက စက္ကူကဲ့သို့ ဖြူရော်သွားသည်။
“အဘိုး၊ ဟိုကိုကြည့်ပါဦး၊ အဲ့ … အဲ့ဧကရီ ရွံ့စေးရုပ်တုက … အသက်ဝင်လာပြီ”
ထိုစကားကြောင့် အဘိုးအို မျက်ခုံးလှုပ်သွားသည်။ သူ ဘေးသို့ ခပ်သွက်သွက် လှမ်းကြည့်လိုက်သောအခါ လက်ဝါးအရွယ် အနီရောင်ဝတ်စုံနှင့် ရုပ်တုက ယဲ့ဖန်၏ လက်ဝါးပေါ် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက ပိတ်နေ၏။
ထိုစဉ် မိုးခြိမ်းသံ ထွက်ပေါ်လာပြီး ဟွမ်အာ၏ ရုပ်တုမှ မျက်လုံးများသည်လည်း ပြိုင်တူ ပွင့်လာသည်။ မျက်လုံးများက သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပလှသည်။
သူမက တဖြည်းဖြည်း ထရပ်လာပြီး ယဲ့ဖန်ကို ပြုံးကြည့်ကာ သူ၏လက်ဝါးပေါ်၌ ကခုန်နေ၏။ လက်ရှိအချိန်၌ ဟွမ်အာ၏ ရွံ့စေးရုပ်တုသည် ပျော်ရွှင်နေသော နတ်သူငယ်လေးလိုပင်။ သူမ၏ လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းက သက်ရှိအားလုံးကို အသက်ရှူမှားလောက်စေသည်။
“အသွင်ပြောင်းခြင်း၊ မြတ်စွာဘုရား၊ သုံးရက်တည်းနဲ့ သူ … သူက ရွံ့စေးရုပ်တုကို အသက်သွင်းလိုက်တယ်”
အဘိုးအိုသည် တစ်ဘဝလုံး ရွံ့စေးရုပ်တုများ ပြုလုပ်ခဲ့သော်လည်း ဤမျှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ဒဏ္ဍာရီလာ နည်းလမ်းက သူ့မျက်စိရှေ့၌ အမှန်တကယ် ထွက်ပေါ်လာသောကြောင့် သူ ချောက်ချားသွားရသည်။ သို့သော် ဤအဖြစ်က ဤမျှနှင့် မပြီးသေးပေ။
ယဲ့ဖန်က ဟွမ်အာ၏ ရွံ့စေးရုပ်တုကို မြေကြီးပေါ် ချလိုက်ပြီး လက်တစ်ဆုပ်စာ ရောင်စုံ နတ်ဘုရား ရွံ့စေးကို ယူ၍ ထပ်မံ၍ ရုပ်တုများ ဖန်တီးလေသည်။
သူ ဖန်တီးသော ရုပ်တုများမှာ လောကသခင် သုံးပါး၊ ကျဆုံးသွားသော အဓိက နတ်ဘုရား ဆယ်ပါး၊ တစ္ဆေဧကရာဇ်၊ တစ္ဆေသခင် လေးပါး၊ မဟာနတ်ဆိုးသခင် လေးပါး၊ မဟာနတ်ဆိုးနတ်ဘုရား ခြောက်ပါး၊ နတ်ဆိုးဘုရင် ရှစ်ပါးနှင့် အများအပြားပင်။
တစ်ယောက်ချင်းစီက လောကကို ကိုင်လှုပ်နိုင်သည့် ပုဂ္ဂိုလ်များပင်။ ထိုသူများအားလုံး၏ ရုပ်တုကို ယဲ့ဖန်က ဖန်တီးနေ၏။ ထို့အပြင် ရွံ့စေးရုပ်တုများအားလုံးက အသက်ဝင်လာပြီး ကောင်းကင်တာအိုသဘောတရားများ ထွက်ပေါ်လာကာ နတ်ဘုရား စွမ်းအင်အချို့ တိုးပွားလာသည်။
တစ်နာရီအကြာ၌ အလွန်တရာ ကြောက်စရာကောင်းသော ရွံ့စေးရုပ်တု စစ်တပ်ကြီးတစ်ခု ဖွဲ့စည်းပြီး သွားလေသည်။
စာ ၅၁ ဤတွင် ပြီးပါပြီ။
