အသက်ကိုနှင်း၍ .. အပိုင်း ၄။

234 10 0
                                    

နေဝင်းလမ်း။ အမှတ် ၃၃. A 4

လိပ်စာကို သေချာထပ်ကြည့်လိုက်ရင်း လက်ထဲက တန်ဘိုးကြီးဖုန်းကို ထပ်နှိပ်လိုက်မိသည်။ GPS က ပြတဲ့ လိပ်စာနေရာ နဲ့ ဖုန်းမက်ဆေ့မှာ ပို့ထားတဲ့ စာက တစ်ထပ်တည်း။ နေရာကသာ ထင်မထားတဲ့နေရာ။

လူစည်ကားလှတဲ့ စျေးတန်းကြီးကို ဖြတ်ပြီးတဲ့အထိ နေဝင်းလမ်းကို မတွေ့ရသေး။ မောလည်းမောပြီ။ ဘယ့်နှယ် လေယာဉ်ကို ၁၆ နာရီလောက်စီးလာရတာ လေဆိပ်ကနေ တစ်ခါတည်းတန်းလာရတဲ့ နေရာက အခုလိုရပ်ကွက်ထဲမှာဖြစ်လိမ့်မယ် ထင်ကိုမထားတာ။ GPS ကလည်း မယုံရ။ နေဝင်းလမ်းတွေ ရှောက်ပြနေတာ တစ်မနက်လုံး ညောင်းလှပြီ။

စိတ်မညစ်နေနိုင်အား။ ဖြစ်နိုင်ခြေရှိတဲ့ လမ်းတွေကို သေချာစေ့ငုနေရတာ။ တပ်ထားတဲ့ နေကာမျက်မှန်ကို ခေါင်းထက်ပင့်တင်လိုက်တော့ နေရောင်ခပ်စူးစူးက မျက်လုံးကျိန်းစပ်အောင်ပင်။ သူ့ကို အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြတဲ့ စျေးရောင်းသူ စျေးဝယ်သူတွေကို ဝေ့ကြည့်ရင်း ကိုယ့်ကိုယ်ကို သတိထားလိုက်မိသည်။ အေးတဲ့အရပ်က လာတာမို့ အဝတ်အစားက အခုဝတ်ထားတာ အပါးဆုံးပင်။ မီးခိုး‌ရောင် ဟူဒီ အောက်မှာ ရှပ်တစ်ထည်ပါသေးတာမို့ ချွတ်လိုက်ရင်ကောင်းမလားလို့ မနက်တည်းက တွေးနေမိပြီးသား။ ဟူဒီအထူကြီး လက်ကကိုင်ရမှာပျင်းလို့ ဆက်ဝတ်လာတာ ဂျင်းဘောင်းဘီနဲ့ ဘွတ်ဖိနပ်ကတော့ ထားပါတော့။ ကိုယ် ထားပေမယ့် မထားကြတာက ပတ်ဝန်းကျင်ပင်။ ဆွတ်ကျယ်ကိုယ်စီ ယပ်တောင်တစ်ဖျပ်ဖျပ်နဲ့သူတို့အတွက် ကိုယ်က မီးလင်းဖိုများဖြစ်နေသလားပဲ။ ကိုယ့်ကိုကြည့်ရင်း ပူနေကြတာ။ တစ်ကယ်တော့ ကိုယ်တိုင်လဲ ပူလှပြီ။ ဟိုကြည့် ဒီကြည့် မျက်စိသူငယ်နားသူငယ် ဖြစ်နေတုန်း ငှက်ပျောသီးအုန်းသီးတွေ ချိတ်ထားတဲ့ဆိုင်ရဲ့ ထီးအကြီးကြီးနောက်မှာ ဆိုင်းပုတ်သေးသေးလေးကို တိုက်နံရံမှာကပ်လျက်တွေ့လိုက်ရသည်။

"နေဝင်းလမ်း"

ထခုန်မိမတတ်ဝမ်းသာတာ ဒီလိုခံစားချက်မျိုးပါလား။ လမ်းထဲ ခပ်သွက်သွက်လှမ်းဝင်လာတော့ အထပ်မြင့်တိုက်တွေက မုန့်သေတ္တာပုံးတွေ စီထောင်ထားသလို။ ကျဉ်းလှတဲ့ အခန်းလေးတွေကိုကြည့်ရင်း စိတ်မသက်မသာဖြစ်ရုံမက စိတ်ပါ ကျဉ်းကျပ်သွားရသည်။ လမ်းထဲ‌ရှောက်ဝင်လာရင်း တိုက်ခန်းတွေ အောက်ထပ်မှာ ဖွင့်ထားတဲ့ စျေးဆိုင်များကို ကြည့်လျက်က တိုက်နံပါတ် ၃၃ ကို ရှာလိုက်ရသည်။ လမ်းဆုံးခါနီးကျမှ ၃၃ တံဆိပ်တပ်ထားတဲ့ ပေ၂၀ကျော် ကျယ် အခန်း ၄ခန်းပါ တိုက်ကို တွေ့လိုက်ရတာမို့ ဝမ်းသာသွားရသည်။ တိုက်ခန်းလှေကားသံပန်းတံခါးက ဖွင့်ထားတာမို့ အပေါ်ကိုပဲ တက်လာခဲ့တော့သည်။ A4 ဆိုတဲ့ အခန်းရှေ့ရောက်သည်အထိ အံ့သြနေမိတဲ့ ကိုယ့်ကိုယ်ကို အားမရမိအောင်ပင်။ သူ့ဘဝတစ်လျှောက် ဒီလိုနေရာတွေ ရှိတယ်ဆိုတာတောင် မသိခဲ့ဖူးဘူး။ မတတ်နိုင်။ ဒီနေရာကို Online ကနေ ရှာထားရတာ ခက်ခက်ခဲခဲ။ ဟိုတယ်မှာနေလို့ရပေမယ့် အခုလိုနေရာမျိုးမှာဆိုရင် ကိုယ်ရောင်ဖျောက်ရတာ ပိုလွယ်တယ်မဟုတ်လား။ ဆုတောင်းရတာ မသက်ဝင်ပေမယ့် အမှတ်မထင် အဆင်ပြေပါစေဆုတောင်းလိုက်မိရင်း တံခါးဘဲလ်ကို နှိပ်လိုက်ရသည်။

အသက်ကိုနှင်း၍Dove le storie prendono vita. Scoprilo ora