အပိုင်း(၁)

2.7K 57 7
                                    

"ငါက နင့်ကို မေးရုံပဲ ... နင် ငါနဲ့ တွဲမလား ။ ဟင့်အင်း လက်ထပ်မလားဆိုတာ ပိုပြီး သေချာပါတယ် ... နင် ငါနဲ့ လက်ထပ် ချင်လား "

ဆွေး၏ စကားလုံးတို့သည် ပြတ်သားသလောက် ဆုံးဖြတ်ထားပြီး ဖြစ်သော ဆွေး၏ စိတ်တို့သည်လည်း ပြတ်သားလျက် ရှိပါသည်။ ဝဿန်ကို ကျော်ဖြတ်၍ ပြင်းပြင်းတိုက်ခတ်လာသော လေအေးအေးသည် ဆွေးနှင့် ခွန်းရိမ်နှစ်ဦးလုံးဆီသို့ အညှာတာ ကင်းမဲ့စွာ ရိုက်ခတ်သွားသည်။

"ငါ နင်နဲ့ လက်မထပ်ချင်ဘူး ဆွေး "

ခွန်းရိမ်သည် အဝေးသို့ငေးကာ ဆွေးလောက်နီးပါး ပြတ်သားသော စကားတစ်ခွန်းကို ဆိုသည်။ မကြာမီ ညို့မဲလာသော မိုးများ ရွာသွန်းတော့မည် ထင်သည်။ ဆွေး၏ မျက်နှာသည်လည်း နေရောင်ထိသော ပန်းကလေးကဲ့သို့ ညှိုးငယ်သွားသည်ကို ရိမ် တွေ့လိုက်ရသည်။သို့သော် ရိမ်သည် ယခုချက်ချင်း သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းရန် ဆန္ဒရှိမနေသေး။

"ကောင်းပါပြီ "

ဆွေးသည် ခေါင်းကို ငုံ့လျက် ရိမ်၏ ဘေးနားမှ ဖြတ်လျှောက်သွားခိုက် ဆံနွယ်တို့သည် လေပြင်းကြောင့် ဝေ့ဝဲကာ ဆွေး၏ နောက်ပါး ဝဲဖျာကျကာ လိုက်ပါသွားကြသည်။
ခြေလှမ်း သုံးလှမ်းခန့်လှမ်းပြီးမှ ဆွေးသည် နောက်သို့ တစ်ချက် ခေါင်းငဲ့ကာကြည့်သည်။ ညို့မဲသောတိမ်စိုင်ခဲများနည်းတူ ဆွေးသည်လည်း ရိမ်၏ အဖြေကို မတင်မကျ ဖြစ်နေနိုင်သည်။ သို့မဟုတ်လျှင်လည်း စိတ်ပျက်သွားကောင်းသွားနိုင်သည်။
ရုတ်တရက် မေးသော မေးခွန်းတစ်ခု ဖြစ်သောကြောင့် နှလုံးသားအား အချိန်ပေးရန် ရိမ်တစ်ယောက် မည်သို့မျှ မတတ်နိုင်ခဲ့ပါ။ ဆွေး မေးလိုက်သည့် တစ်ခဏအတွင်း ဦးစွာ အလုပ်လုပ်သည်မှာ ဦးဏှောက်ဖြစ်သည်။ ကိုယ့်ဒူးကိုယ်ချွန်သည့် အမျိုးသမီးတစ်ယောက်သည် သူ့အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်မည်လား ။ ထို့ထက် ကာလကြာမြင့်စွာသော သူငယ်ချင်းဆိုသည့် သံယောဇဥ်သည် သူ့အား နှောင်ထွေးထားသည်။ မည်သို့ဆိုစေ ဆွေး၏ မေးခွန်းအတွက် သူ၏ အဖြေသည် သဘာဝအကျဆုံးနှင့် အမှန်ဆုံးသာ ဖြစ်လိမ့်မည်။

ပျိုးပင် Complete حيث تعيش القصص. اكتشف الآن