အပိုင်း(၇)

343 25 7
                                    


စံပယ်ပွင့်တို့ ဝေနေအောင် ပွင့်သည့် စံပယ်ရုံကြီးသည် ရေနံဝနေသော ကျွန်းအိမ်ကြီး၏ မျက်နှာစာတွင် မွှေးပျံ့ ထုံသင်းလျက်ရှိသည်။ တစ်ပင်တည်း ထီးတည်းပေါက်ရောက်နေသော ပိတောက်ပင်ကြီးသည်တော့ သက်တမ်းမည်မျှ ကြာမြင့်လှသည် မသိ။ အတော်ကလေး အိုဟောင်းနေသော်ငြား တစ်နှစ်တစ်ခါ ပုံမှန်စွာပင် ပိတောက်ပန်းတို့ ဝေဖျာနေအောင် ပွင့်လန်းတတ်သည်။ နွေပေါက်စတွင်တော့ ခြံဝင်းထဲတွင် ပိတောက်ရွက်ဝါများ လှည်း၍ မကုန်နိုင် ဖြစ်ရသော်လည်း ပိတောက်ပန်းဝေချိန်တွင်တော့ မြင်သူတကာ အားကျရလောက်ပေသည်။ ဆွေး ထိုပိတောက်ပင်ကြီးအား ငေးကြည့်နေမိသည်။ မြင်ကွင်းသည် အသစ် ဖြစ်သော်ငြား ရင်းနှီးနေသည့် ခံစားမှုလည်း ရသည်။ ထို့နောက် အိမ်ကြီးဆီမှ ရယ်သံ သဲ့သဲ့ကလေးမျှ ကြားရသည်။အလွန်ပင် ချစ်စဖွယ် ထို အသံ သေးသေးကလေးသည် အိမ်ကြီးမှနေ၍ တစ်ခြံဝင်းလုံးအား ဆွတ်ပျံ့လာစေသည်။ ကြည်နူးဖွယ် ၊ သာယာစွာ ချိုအေးဖွယ်ကလေးပင် ဖြစ်ပါ၏။ ဆွေး ထိုအိမ်ကြီးဘက်သို့ တစ်လှမ်းချင်း လှမ်း၍ သွားနေမိသည်။ ရယ်သံကလေးသည် ပို၍ ထင်ရှားလာသည်။ အိမ်ကြီးနှင့် နီးလာသည်နှင့်အမျှ ရယ်သံမှာ ကလေးနှစ်ယောက်၏ အသံဖြစ်ကြောင်း ထင်ရှားလာသည်။ လသားအရွယ်ကလေးငယ်၏ အသံသေးသေးကလေးတစ်ခုသည် မထင်မရှားကပ်၍ ပါလာသည်။ ပို၍ အသက်ကြီးသော ကလေးက ထိုလသားအရွယ်လေးအား ချော့မြူနေသည်ပင် ဖြစ်ရမည်။

ဆွေး ဘယ်လိုကြောင့် သည် အိမ်ကြီးဆီသို့ ရောက်လာခဲ့သည်ကို မသိတော့။ သို့ပေမယ့် အိမ်ထဲတွင်ရှိသော ကလေးတို့၏ ရယ်သံမြူးမြူးကလေးသည် ဆွေး၏ အာရုံကို ဆွဲငင်ထားသည်။ ညှို့ခံရထားသကဲ့သို့ ထိုရယ်သံများရှိရာဆီသို့ ဆွေး၏ ခြေလှမ်းတို့သည် အလိုလို လျှောက်လှမ်းနေမိသည်။ နီးလာလေလေ ရယ်သံသည် ပြတ်သားလေလေ။အိမ်အဝင်တံခါး မရောက်မီ အခန်းတစ်ခန်းရှိသည်။ ထိုအခန်း၏ ခေါင်းရင်း ဖြစ်ဟန်တူသော တစ်ဖက်၌ ပြတင်းတစ်ခုရှိသည်။ ရယ်သံတို့သည် ထိုအခန်းမှ ဖြစ်ဟန်တူပြီး တံခါးနှစ်ဖက်ပါသော ပြတင်းအား တံခါးတစ်ဖက်ကို လှစ်ဟထားသည်။ ထို့နောက် စံပါယ်ရုံကြီးဆီမှာ စံပါယ်နံ့တို့သည် အလုံးအရင်းလိုက် ဆွေး၏ နှာဖျားဝသို့ တိုးလျှိုး ဝင်ရောက်လာရာ မွှေးကြိုင်လွန်းသဖြင့် အနည်းငယ် မူးဝေခြင်းကိုပါ တပါထဲ ခံစားလိုက်ရ၏။

ပျိုးပင် Complete Hikayelerin yaşadığı yer. Şimdi keşfedin