UNICODE
တက္ကသိုလ်နေ့ရက်များက ပျော်ရွှင်စရာနှင့် စိတ်ညစ်ညူးစရာအကြောင်းအရာမျိုးစုံ ရောသမမွှေနေသည့် အစုံသုပ်ရက်စွဲများဖြစ်၏။
သူငယ်ချင်းများနှင့် ဟေးလားဝါးလားပျော်ပါးလိုက်၊ စာကျက်လိုက်၊ စာမေးပွဲဖြေလိုက်နှင့်ပင် အချိန်နာရီများက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြန်သည်။
ယခုတော့ သူက နောက်ဆုံးနှစ်အပိုင်း(က) ဆေးကျောင်းသားလေးပင် ဖြစ်နေပြီ။ သို့သော် စေသူနှင့် သူ့အကြား ဆက်ဆံရေးကတော့ ထူးထူးခြားခြား ပြောင်းလဲမသွားခဲ့ဘဲ ယခင်အတိုင်း အရင်းနှီးဆုံးသူငယ်ချင်းဆိုသော စည်းဝိုင်းလေးအတွင်းမှာပဲ ရှိနေသေးသည်။ သူက စည်းအပြင်ဘက်ရုန်းထွက်ဖို့ မကြိုးစားမိသလို စေသူ့ဘက်မှလည်း စည်းအပြင်မှ လက်ကမ်းနေမည့် အရိပ်အယောင်မရှိ။
တစ်ခါတစ်ရံတော့ သူ၏မျှော်လင့်ခြင်းမီးစာလေးကို ရေနံဆီထပ်လောင်းပေးရာရောက်သည့် အပြုအမူတချို့ကို စေသူ့ဆီမှာ တွေ့ရတတ်သည်။ ဥပမာ တခြားမိန်းကလေးသူငယ်ချင်းများနှင့် တရင်းတနှီးစကားပြောမိချိန်များတွင် မျက်ထောင့်နီဖြင့် စိုက်ကြည့်နေတတ်ခြင်း၊ တခြားယောက်ျားလေးသူငယ်ချင်းများနှင့် တရောတနှော ဖက်လဲတကင်းနေမိချိန်များတွင် ဝင်ရောက်နှောင့်ယှက်တတ်ခြင်း စသဖြင့်။
သို့ပေသိ ထိုအပြုအမူများမှလွဲ စေသူက သူ့အပေါ် စိတ်ဝင်စားနေပါသည်ဟူသော ထင်ရှားမှုမျိုးက ရှိမနေ။ ထို့ကြောင့်ပင် သူက ရှေ့တိုးမရ၊ နောက်ဆုတ်ဖို့ခက် အခြေအနေမျိုးတွင် လမ်းကျဉ်းထဲပိတ်မိနေသည့် ကားတစ်စီးကဲ့သို့ ရပ်တန့်နေမိ၏။
ထိုအချိန်တွင် စေသူ့အား စမ်းသပ်နိုင်မည့် အရေးပေါ်ဂျိုကာကတ်က သူ့ဆီ တည့်တည့်ရောက်လာသည်။
"စွမ်းစွမ်း"
သူ့အိမ်ခေါ်နာမည်ကို အဖေနှင့်အမေမဟုတ်ဘဲ မိန်းကလေးတစ်ယောက်၏အသံနှင့် ကြားလိုက်ရသဖြင့် အထူးအဆန်းနောက်လှည့်ကြည့်မိသည့်အခိုက် သူ့ကို ညင်ညင်သာသာပြုံး၍ ကြည့်နေသော သိမ်မွေ့လှပသည့် မိန်းကလေးပျိုတစ်ဦးကို တွေ့လိုက်ရသည်။
YOU ARE READING
Ferris Wheel [Completed]