2

216 13 0
                                        

UNICODE

လူတိုင်း၏ ဆယ်ကျော်သက်အရွယ်မှာ လည်ပတ်နေသောချားရဟတ်ထဲ အတူပိတ်မိဖူးချင်သည့် ရင်ခုန်စရာလူတစ်ယောက်ရှိမှာ အသေအချာပင်။ ထိုထဲတွင် စွမ်းမင်းခန့်လည်း ပါဝင်ပြီး သူ့ရင်ခုန်သံကတော့ အိမ်နီးချင်းလည်းဖြစ်၊ အတန်းဖော်လည်းဖြစ်သည့် ကောင်လေးတစ်ယောက်ဆီမှာ အခြေတည်၏။

"ခန့်... အိမ်စာအတူတူလုပ်ရအောင်"

"ခန့်.. ဒီည ငါမင်းအိမ်လာခဲ့မယ်"

"ခန့်..."

"ခန့်... "

ရင်ခုန်ခြင်းလေးက သူ့ကို 'ခန့်' ဟု ခေါ်သည်။ တကယ်တော့ သူ့နာမည်အရင်းက စွမ်းမင်းခန့်။ အိမ်နာမည်က စွမ်းစွမ်းဖြစ်ပြီး သူငယ်ချင်းများက မင်းခန့်ဟု ခေါ်ကြသည်။ တစ်ယောက်သောသူကသာ 'ခန့်' ဟု တစ်လုံးတည်း အဖျားဆွတ်ခေါ်၏။

ထိုတစ်ယောက်သောသူက '‌ စေသူရအောင် 'ဟု အမည်ရသည်။ စွမ်းမင်းခန့်အပါအဝင် သူငယ်ချင်းအားလုံးကတော့ '‌စေသူ'ဟုသာ အလွယ်ခေါ်ဖြစ်ကြသည်။

စေသူနှင့် သူက သက်တူရွယ်တူကျောင်းတူအတန်းတူဖြစ်ပြီး တစ်ရပ်ကွက်သားချင်းလည်း ဖြစ်၏။ သို့သော် အိမ်အခြေအနေချင်းကတော့ မတူပေ။ သူ့မိဘများက သာမန်ရုံးဝန်ထမ်းများဖြစ်ကာ စေသူ့မိသားစုကတော့ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးကြသည်။ စေသူ့အိမ်က သူနေထိုင်ရာတိုက်ခန်းနှင့် တစ်အိမ်သာ‌ခြားသော ခြံဝန်းကျယ်ကျယ်နှင့် သုံးထပ်တိုက် လူချမ်းသာအိမ်ဖြစ်ပြီး သူကတော့ ကန်ထရိုက်တိုက်၏ လေးလွှာမြောက်မှာ နေထိုင်သည်။ စေသူက အရပ်မြင့်မြင့်၊ အသားခပ်လတ်လတ်၊ ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်၊ ကြည့်လိုက်သည်နှင့် လူချောလေးမှန်း သိသာစေသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး သူကတော့ သာမန်ကိုမှ တော်တော်လေး ပုံမှန်ဆန်လွန်းသောရုပ်ရည်မျိုးဖြစ်သည်။ သူ့မှာ ကောင်းကွက်ကို ကြံဖန်ရှာလျှင် အစား‌မရွေးဘဲ အကုန်စားတတ်ခြင်းနှင့် အလွတ်ကျက် မှတ်ဉာဏ်စွမ်းရည်ကောင်းမွန်ခြင်းသာ ရှိ၏။

သို့သော်လည်း စေသူနှင့် သူက ပကာသနများကို ဘေးချိတ်ထားကာ သွားအတူ လာအတူ စားအတူ စိတ်တူကိုယ်တူ သူငယ်ချင်းများအဖြစ် ‌နေ့ရက်များကို ဖြတ်သန်းလာခဲ့ကြသည်။

Ferris Wheel [Completed]Donde viven las historias. Descúbrelo ahora