4

150 13 0
                                    

UNICODE

သူ့ဘဝကို ဒိုင်ယာရီစာအုပ်ကဲ့သို့ သဘောထားကာ စာမျက်နှာတစ်ခုချင်း လှန်လှောကြည့်ပါလျှင် သူ ဆုတ်ဖြဲပစ်ချင်သည့် စာရွက်နှစ်ရွက်ရှိလေသည်။

တစ်ရွက်က သူ့အသက် ၁၂နှစ်၊ ၇တန်းအရွယ်ဖြစ်ပြီး အကြောင်းရင်းမှာ သူ၏အရိုးထဲ၊ အသားထဲ စွဲနစ်စိမ့်ဝင်နေသည့် အကြောက်တရားကို ရိုက်သွင်းပေးခဲ့သော အဖြူရောင်ပြတင်းပေါက်မှပုံရိပ်ကြောင့်ဆိုတာ မှားနိုင်စရာမရှိ။

နောက်တစ်ရွက်မှာတော့ အသက်နှစ်ဆယ်အရွယ်၊ နောက်ဆုံးနှစ်အပိုင်း(က)ကျောင်းသား စွမ်းမင်းခန့်၏ အဆုံးမဲ့ နာကျင်ဝမ်းနည်းမှုများစွာ၊ အစားပြန်မရနိုင်သော ဆုံးရှုံးမှုများစွာ၊ အလင်းမဲ့အနာဂတ်နေ့ရက်များစွာ။

မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လျှင်ဖွင့်ချင်း မြင်တွေ့ရသည်မှာ ဖြူလွှလွှမျက်နှာကြက်ဖြစ်သည်။ လှဲနေရာမှ ထထိုင်လိုက်ဖို့ ကြိုးစားသော်လည်း သူ့တစ်ကိုယ်လုံးမှာ အားအင်ဆုတ်ယုတ်ကုန်ခမ်းနေသလို ခံစားရပြီး ခြေချောင်းလက်ချောင်းများကိုလည်း စိတ်ရှိသလို လှုပ်ရှား၍မရ။ နှာခေါင်းနားတစ်ဝိုက်မှာလည်း ပုံမှန်နှင့်မတူသော ထိကပ်မှုတစ်ခုရှိနေသည်။ မျက်လုံးတို့ဖြင့် ပတ်ဝန်းကျင်ဆီ အကြည့်ကစားကာ စဉ်းစားခန်းဖွင့်ပြီး‌နောက် ကိုယ့်ကိုယ်ကိုယ် နားလည်သွားသည်မှာ သူသည် ဆေးရုံအခန်းထဲတွင် နှာခေါင်းပိုက်တန်းလန်းဖြင့် အိပ်ပျော်နေခဲ့ခြင်းပင်။

"ခန့်... သတိရလာပြီလား"

တံခါးဖွင့်သံနှင့်အတူ နားစည်ထဲ တိုးဝင်လာသည်က စေသူ့အသံခပ်ဩဩ။ အနားသို့ သုတ်သုတ်ပျာပျာရောက်လာသောခြေလှမ်းတို့နောက် သူ့နဖူးထက် အသာအယာပွတ်သပ်ပေးသည့် လက်ချောင်းရှည်တို့၏အထိအတွေ့။

"ငါ.."

အသံသည် ခပ်အက်အက်။ အသုံးမပြုတာကြာပြီဖြစ်သော လည်ပင်းတစ်လျှောက် ခြောက်ကပ်ကြမ်းတမ်းနေသဖြင့် စကားပြောဖို့ သူအတော်ကြိုးစားလိုက်ရသည်။

"ငါ ဘာဖြစ်ခဲ့တာလဲ"

"မင်း မမှတ်မိဘူးလား ခန့်"

Ferris Wheel [Completed]Where stories live. Discover now