6

225 15 0
                                    

UNICODE

နံနက်နိုးလာသောအခါ ပင်ပန်းနွမ်းလျနေသလို ခံစားရသည်။ နံဘေးမှာတော့ ‌မည်သူမျှရှိမနေ။ ညက သူအိပ်ပျော်သွားပြီးတော့ စေသူလည်း သူ့အခန်း သူပြန်သွားသည်ထင်၏။

မနေ့ညက သူအိပ်မက်မက်ခဲ့သည်။ ထိုအိပ်မက်က ကြောက်မက်ဖွယ်အတိမို့ အမြန်နိုးထလာချင်မှန်းလည်း သိခဲ့သည်။ သို့‌သည့်တိုင် အိပ်မက်အကြောင်းအရာကို‌တော့ တိတိပပမဆိုထားနှင့်၊ ရိုးရိုးရိပ်ရိပ်လေးမျှပင် သူ မမှတ်မိ‌ပေ။ မှတ်မိအောင်လည်း တကူးတက မတူးဆွချင်‌ချေ။ မမှတ်မိခြင်းကပဲ ပိုကောင်းမည်ဟု ခံစားရ၏။

ယနေ့လည်း မနေ့ကနှင့် မကွဲပြားသော သာမန်နေ့တစ်နေ့ပင်။ သူ့အခန်းထဲမှာ ‌ကြွက်လှောင်အိမ်လေးတစ်ခုရှိမည်။ သူက ပိုလာဟမ်းစတားလေး၏လှုပ်ရှားမှုများကို စိတ်ဝင်တစား ကြည့်ရှုနေရင်း စေသူပြန်လာမည့် ညအချိန်ကို ငံ့လင့်နေခဲ့ဦးမည်။ ဒါက ပျင်းရိငြီးငွေ့ဖွယ်တစ်နေ့တာပင်ဖြစ်၏။

"သူ ဒီဘီးလုံးလေးထဲမှာ ပြေး‌နေရတာ ပျော်ရဲ့လား မသိဘူး"

ပြေးဘီးလေးထဲမှာ မမောနိုင်မပမ်းနိုင်စွာ တောက်လျှောက်ပြေးနေ‌သော ဟမ်းစတားလေးကို ခပ်တွေတွေငေးရင်း ရေရွတ်လိုက်သည့် သူ့အသံကို ဖိုးလုံးက ကြားသွား၏။

"ပျော်မှာပေါ့ ကိုခန့်ရဲ့၊ ဒါက သူတို့ သဘာဝပဲကို"

"ဒါပေမဲ့ ဒီဘီးလေးထဲပဲ ပိတ်မိနေတာကို သိသိလျက်နဲ့ ပျော်ပျော်ကြီး ပြေးနေတာလား၊ အပြင်လဲ မထွက်နိုင်ဘူး၊ ဘယ်အချိန် ပြီးဆုံးမယ်မှန်းလဲ မသိဘူး.. "

"ကိုခန့်က‌တော့ နောက်ပြီဗျာ၊ ဘာတွေပြောနေမှန်းလဲမသိဘူး၊ ဟော .. ကားသံကြားတယ်၊ ကိုကိုလေး ပြန်ရောက်ပြီထင်တယ်"

ဖိုးလုံးသည် အခန်းအပြင်ဘက်သို့ သွက်လက်စွာပြေးထွက်သွား၏။ စေသူပြန်လာလျှင် ‌ဖိုးလုံးမှာ လုပ်စရာများလွန်းလှသည်။ အလုပ်အိတ်သယ်ပေးရသည်။ ကားသန့်ရှင်းရေးလုပ်ပေးရသည်။ ရေချိုးဖို့၊ အဝတ်လဲဖို့ အသင့်ပြင်ထားပေးရသည်။

သူကတော့ အခန်းထဲမှာ ငြိမ်ငြိမ်လေးနေရင်း 'ဒီ‌နေ့ရော အဆင်ပြေတယ်မလား'ဟူသော စေသူ့အမေးကို ပြန်ဖြေဖို့ရာ ထိုင်စောင့်နေရ၏။ သူ့ဘဝသည် ယခု သူထိုင်ကြည့်နေသော ဟမ်းစတားလေးနှင့် ထူးမခြားနားသာဖြစ်၏။

Ferris Wheel [Completed]Where stories live. Discover now