UNICODE
"စွမ်းစွမ်း... မနေ့ညကလို ပြတင်းပေါက် ထပ်မဖွင့်နဲ့တော့နော်၊ အအေးမိပြီး ပြန်ဖျားအုံးမယ်"
"ဟုတ်ကဲ့ပါ မေမေရဲ့"
"ပါးစပ်ကသာ တစ်ချိန်လုံး ဟုတ်နေတာ၊ ပြီးရင်မဟုတ်တာတွေပဲ လုပ်နေရော"
"ဒီတစ်ခါ အတည်အဟုတ်ပါ"
"ကဲ... အိပ်တော့ အိပ်တော့၊ တစ်ခါတည်း မီးပိတ်သွားလိုက်မယ်"
အမေ့စကားအဆုံးတွင် ချောက်ခနဲ မီးခလုတ်ပိတ်သံနှင့်အတူ အခန်းသည် မှုန်ရီသွား၏။ အမေရှိနေရာ အခန်းဝမှတစ်ဆင့် အပြင်ရှိမီးရောင်ဖြူဖြူကြောင့် သူ့မျက်လုံးတို့က အမှောင်ထုနှင့် သေချာအသားမကျသေး။ အမေက အိပ်ရာထက် စောင်ခြုံကွေးနေသည့်သူ့ကို တစ်ချက်ကြည့်ပြီး အခန်းတံခါးပိတ်ကာ ထွက်သွားသောအခါမှ အခန်းထဲအမှောင်အတိပြီး၏။
ထို့နောက် သူသည် စောင်ကို ကန်ထုတ်ကာ အိပ်ရာထက် ထထိုင်လိုက်ပြီး ညအိပ်မီးအိမ်ငယ်ကို မမြင်မကမ်းစမ်း၍ ဖွင့်လိုက်သည်။ အခန်းတွင်း ခပ်ဖျော့ဖျော့လင်းလာသည့် ဝါကျင့်ကျင့်မီးရောင်က အိပ်ရာဘေး စားပွဲပေါ်ရှိ နာရီဆီ လှမ်းကြည့်ဖို့ရာ အကူအညီပေး၏။ ကိုးဂဏန်းကို ညွှန်ပြနေသော နာရီလက်တံကို မြင်လိုက်ရသောအခါ သူက အိပ်ရာမှ အသာထကာ အခန်း၏တစ်ခုတည်းသောပြတင်းပေါက်ဆီသို့ ခပ်သွက်သွက်သွားခဲ့သည်။
ပြတင်းပေါက်သည် အပြင်ဝန်းကျင်နှင့် သူ့အခန်းကို ခြားထားသော စည်းတစ်ထပ်သာဖြစ်၏။ အပြင်ဘက်တွင် ပူသလား၊ အေးသလားမသိ။ လင်းသလား၊ မှောင်သလား မမြင်။ သူ့အဖြစ်က အလုံပိတ်သေတ္တာတစ်ခုထဲ ရောက်နေရသည်နှင့်ပင် ဆင်တူ၏။
ထိုပြတင်းပေါက်ကို နံနက်မှ နေ့လယ်ခင်းအထိတော့ အခန်းထဲ လေဝင်လေထွက်ကောင်းဖို့ရာ ဖွင့်ထားခဲ့ပါ၏။ သို့သော် ညနေလေအေးတိုက်ချိန်မှစပြီး သူက မပိတ်ချင်သော်ငြား အမေက တစ်ချက်လွှတ်အမိန့်ဖြင့် လာပိတ်သွားခဲ့သည်မှာ သူ၏ အရှင်းမပျောက်သေးသော အဖျားပိုးကြောင့်ပင်။ မပျောက်ဆို လမ်းမတော်ပွဲဈေးစတင်သည့်ရက်မှစ၍ ယနေ့အထိ အိမ်တွင်းအောင်းနေရသည့် မွန်းကြပ်မှုကို ဖြေလျှော့ဖို့ရာ ညစဉ်ညတိုင်း ပြတင်းပေါက်ဖွင့်ကာ လေစိမ်းအတိုက်ခံပြီး ပွဲဈေးဆီ မျှော်ငေးကြည့်နေသည့် ခေါင်းမာခြင်းကြောင့် ဖြစ်သည်။
ESTÁS LEYENDO
Ferris Wheel [Completed]