5

153 15 0
                                        

UNICODE

ပြက္ခဒိန်မှနေ့စွဲများကို သတိတရ လိုက်လံမရေတွက်မိတော့သော အချိန်ကာလက သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်မှာ ကြာပြီဖြစ်၏။

တစ်နေ့တစ်နေ့ အခန်းထဲမှာပဲ စားလိုက်၊ အိပ်လိုက်လုပ်နေရသောဘဝမျိုးသည် သာမန်အမြင်နှင့်ကြည့်လျှင် အပူအပင်ကင်းကာ အေးချမ်းသည်ဟု ထင်မှတ်မှားနိုင်သည်။ စင်စစ်တော့ သူသည် ပုံမှန်အတိုင်း လမ်းပြန်‌မလျှောက်နိုင်တော့သော ခြေ‌ထောက်နှစ်ဖက်ကြောင့် အခန်းထဲ အကျဥ်းချခံရထားသည့်နှယ်ဖြစ်၏။

အထူးသဖြင့် စေသူ၏တစ်နေ့တခြား ကြီးပြင်းရင့်ကျက်လာသည့်ဟန်ပန်ကို မြင်နေရခြင်းက သူ့စိတ်ကို အထပ်ထပ်အခါခါနှိပ်စက်နေသကဲ့သို့ဖြစ်‌သည်။

သူ့မှာတော့ ယခင်အခြေအနေသို့ ပြန်ရောက်နိုင်ရန်ပင် စိတ်ရောကိုယ်‌ပါ နာလန်ပြန်ထူနေရချိန်တွင် စေသူကတော့ ဘွဲ့ရပြီး ဆရာဝန်တောင် ဖြစ်နေလေပြီ။ သို့သော် ဆရာဝန်အလုပ်ကို ဆက်မလုပ်ဘဲ သူ့အ‌ဖေကုမ္ပဏီမှာ အစ်ကိုအကြီးဆုံး၏ဦးစီးမှုအောက် အလုပ်ဝင်သည့်စေသူ့အကြောင်းသိတော့ မချင့်မရဲဖြစ်စိတ်က ပေါက်ကွဲထွက်လာသည်။

"ဆရာဝန်လုပ်မှာမဟုတ်ဘဲနဲ့ ဘာလို့ဆေးကျောင်းတက်ခဲ့တာလဲ"

သူမေးတော့ စေသူက ဖြေရခက်သွားသလို ခဏငြိမ်နေသည်။ ပြီးမှ 'ဆရာဝန်ဆိုတဲ့ဂုဏ်ကို ယူတာလေ' ဟု ခပ်တိုးတိုးပြန်ဖြေ၏။

"ဒါပေမဲ့ ဒီဘွဲ့ရဖို့အတွက် မင်းဘဝရဲ့ အချိန်၈နှစ်နီးပါးလောက်တောင် ရင်းထားရတာလေ၊ အဲဒီအချိန်တွေကို မနှမြောဘူးလား"

"..."

"ပြီးတော့ မင်းမတက်ရင် မင်းနေရာမှာ တကယ်ဝါသနာပါတဲ့လူ၊ တကယ်တက်ချင်တဲ့လူရောက်လာမှာလေ။ သူတို့နေရာကို မင်းက ဝင်ယူထားပြီးတော့မှ ဆရာဝန်မလုပ်ဘူးဆိုတာက..."

"အဲဒါက သူတို့ကိစ္စလေ၊ ငါ့ကိစ္စမှမဟုတ်တာ၊ သူတို့သာ တကယ်တက်ချင်တယ်ဆိုရင် အစကတည်းက ဝင်ခွင့်အမှတ်မီအောင် ကောင်းကောင်းကြိုးစားခဲ့ရမှာပေါ့"

"မင်း.. "

သူ ဘာမှဆက်မပြောနိုင်တော့ဘဲ လက်လျှော့လိုက်ရသည်။ စေသူ၏ တစ်ကိုယ်ကောင်းဆန်မှုက သူ့အတွက် မထူးဆန်းတော့ပါ။ ထူးဆန်းနေသည်က သူ့စိတ်သာဖြစ်၏။ ကျန်းမာရေးအခြေအနေကြောင့် ကျောင်းနားထားရသည်မှာ တစ်နှစ်နှစ်နှစ်မကတော့၍ သူ့စိတ်က အထိမခံနိုင်သည့် ဖန်ခွက်တစ်လုံးလို ထိရှကွဲအက်လွယ်နေသည်ဟုဆိုလျှင် သူ မငြင်းချင်။ သူ သိပ်ဖြစ်ချင်သည့်၊ မေမေတို့ကလည်း ဖြစ်စေချင်သည့် ဆရာဝန်တစ်ယောက်၏ လမ်းကြောင်းပေါ် အချိန်အတိုင်းအတာတစ်ခုရောက်သည့်တိုင် မလျှောက်နိုင်သေးသဖြင့် ကိုယ့်ကိုယ်ကိုယ် မ‌ကျေမနပ်ဖြစ်မှုကြောင့် တခြားအလုပ်ကို ရွေးချယ်သွားသော စေသူ့အပေါ် အပြစ်တင်ကာ နိုင်ရာမဲမိသည်ထင်၏။

Ferris Wheel [Completed]Where stories live. Discover now