"ဘာ! ရှင်ဘာပြောလိုက်တယ်!"
အိမ်အပြင်ဖက်ထိ ဟိန်းထွက်လာသည့် ကြီးမေရဲ့အသံကြောင့် နောင်နောင့်ခြေလှမ်းတွေ အိမ်တံခါးမကြီးနားမှာတင် တုံ့ဆိုင်းသွားရ၏။ ဧည့်ခန်းတွင် မတ်တပ်ရပ်လျက်ရှိနေသော ကြီးမေရဲ့မျက်နှာက အံ့ဩခြင်း ၊ မယုံနိုင်ခြင်းနှင့်အတူ အမျက်ဒေါသများ ရောပြွန်းလျက်။ ဦးကြီးကတော့ သူ့ပင်ကိုယ်မူအတိုင်း အေးအေးလူလူပင် ထိုင်နေ၏။
"နောင်နောင်"
"ခင်ဗျာ"
"လာပါဦး သားငယ်"
"ဟုတ်ကဲ့"
သူ့ကို သတိထားမိသွားတဲ့ ကြီးမေက လေသံကို လျှော့ကာခေါ်တော့ နောင်နောင် ရှေ့ဆက်
တိုးသွားလိုက်ပေမဲ့ စိတ်ထဲ တင်းကြပ်စွာ။
ကြီးမေနှင့်ခပ်လှမ်းလှမ်း၊ ဦးကြီးရဲ့ အနီးအနားတွင် ဝင်ထိုင်လိုက်သည့် သူက
မေမေ့ထက်ပင် ကြီးမေကို ပိုကြောက်ရွံ့ရ၏။ ကျောင်းဆရာမ ဖြစ်ခဲ့ဖူးသော ကြီးမေဆီမှာ ဩဇာညောင်းသည့် အရှိန်အဝါက ရှိ နေဆဲ မဟုတ်လား။"သားရော သိထားလား...ကိုစိုင်း သူ့ကောင်လေးကို ခိုးပြေးသွားတဲ့အကြောင်း"
ကြီးမေ မေးတာကို ချက်ချင်း ပြန်မဖြေသေးဘဲ သူ ဦးကြီးကို အားကိုးသလို အရင် ကြည့်လိုက်မိသေး၏။
"ချစ်သူကောင်လေးရှိတာ သိပါတယ်...ခိုးပြေးသွားတာတော့ ကျွန်တော် မသိသေးဘူး"
တန်ဆောင်တိုင် ညဦးပိုင်းကတည်းက ကိုစိုင်းပျောက်နေတာ သတိထားမိပေမဲ့ ကြီးမေ
တို့ပြောနေတဲ့ကိစ္စကို သူ မသိရိုးအမှန်။"အမလေး...စိုင်းခန့်နောင်က ဒီအမေကို မပြောမဆို လုပ်ချသွားလိုက်တာ... ယောက်ျားလေးတစ်ယောက်ကို ခိုးပြေးတယ်တဲ့လား"
တစ်ဦးတည်းသော သားတွေဖြစ်သည့် နောင်နောင်ရော ကိုစိုင်းရောက မိခင်တွေရဲ့
အသည်းညှာတွေပင်။"ဘယ်သူလဲ...ဘယ်သူ့သားကိုတဲ့လဲ"
ထိုမေးခွန်းကိုတော့ နောင်နောင် မဖြေနိုင်ဘဲ
ဦးကြီးရဲ့မျက်နှာကိုသာ လှမ်းကြည့်မိပြန်ပါသည်။