*Ring Ring Ring*
Vibrate mode လုပ်ထားသော ဖုန်းက အဆက်မပြတ် တုန်ခါနေတော့ ကာရန် အိပ်ရာမှ နိုးလာသည်။ သူ လှဲနေရာမှ ထကာ ဗီရိုငယ်လေးပေါ်ရှိ ဖုန်းကို ကောက်ကိုင်လိုက်၏။
"Hello"
"အချစ်...အိပ်ရေးပျက်သွားလား"
"ဟင့်အင်း...အိပ်ရာထချိန် ရောက်နေပြီပဲ"
"ကိုယ် ဒီနေ့ အိမ်ပြန်လာမယ်နော်"
ပွနေတဲ့ ဆံပင်တွေကို သပ်လိုက်ရင်း ကာရန် ပြုံးမိသည်။ စိုင်းခန့် ပြန်လာလျှင် အိပ်ရာတစ်ခြမ်း အေးစက်နေတော့မည် မဟုတ်။ သူ စိုင်းခန့်ရဲ့ရင်ခွင်နွေးနွေးကို လွမ်းလှပါပြီ။
"လာကြိုရမလား"
"မလာနဲ့"
စိုင်းခန့်ရဲ့အသံက ပြတ်နေသည်။ လေသံမမာသည့်တိုင် စိတ်မကြည်ဘူးဟု သူ ခံစားရသည်။
"ဘာဖြစ်လို့လဲ"
"ကိုယ် ကိုယ့်ဘာသာ ပြန်လာပါ့မယ်"
"အင်း"
"ကိုယ် အိပ်မက်တွေ မကောင်းလို့...အစစ အရာရာ ဂရုစိုက်နော် သိလား"
ကာရန် ဘာမျှ ပြန်မပြောရသေးခင် ဖုန်းလိုင်းက တတီတီ မြည်သံပေးလျက် ကျသွားခဲ့၏။
သူ ထပ်ဆက်ကြည့်တော့ ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်နေကြောင်းသာ ပြန်ကြားရသည်။အရင်ရက်တွေက သူတို့ ဖုန်းပြောတိုင်း အဆင်ပြေပြေ ရှိပါလျက်နှင့်
ရာသီဥတုကြောင့်များ ဖုန်းလိုင်းတွေ မကောင်းရော့သလား။ ထပ်ခါ ထပ်ခါ ခေါ်သော်လည်း မရသဖြင့် သူ Message ပဲ ပို့လိုက်တော့သည်။✉️ လိုင်းကောင်းမှ ဖုန်းပြန်ဆက်မယ် စိုင်း...ငါ့ကို စိတ်မပူပါနဲ့...လွမ်းနေပြီ ဆိုပေမဲ့ အလျင်မလိုဘဲ မင်းရဲ့လမ်းခရီး အဆင်ပြေပါစေ...ချစ်တယ်✉️
သူ ပို့တဲ့ Message ကို စိုင်းခန့် မြင်လိမ့်မည်ဟု ထင်ပါ၏။ ရင်လေးနေရင် မကောင်းတာမို့ ကာရန် လျှောက်မတွေးတော့ဘဲ အိပ်ရာပေါ်မှ ထပြီး စောင်တွေကို သပ်သပ်ရပ်ရပ် ပြန်ခေါက်သည်။ စားပွဲတင်နာရီကို တစ်ချက် ကြည့်မိတော့ မနက် ၆ နာရီ။ သူ ရေချိုးခန်းဝင်ပြီးနောက်မှာ Kitchen ထဲတွင် မနက်စာ ပြင်ရသည်။