[Unicode]"နောင်နောင်"
"ခင်ဗျာ"
"လိမ္မော်သီး"
ဘာစကားမှမပြောဘဲ ငြိမ်သက်နေကြသော လူနှစ်ယောက်ကြားရှိ ကျွန်းစားပွဲပေါ်သို့ လိမ္မော်ခြင်းလေးရောက်လာသည်။
ဦးလေးမင်းလွင်ကို သွက်သွက်လက်လက် စကားပြန်ပြောတတ်ပေမဲ့ သူ့ကိုတော့
မျက်နှာချင်းမဆိုင်ဘဲ ဟိုသည် လိုက်ကြည့်နေတတ်တဲ့ ကောင်လေးငယ်ငယ်။ မျက်ဝန်းဖန့်ဖန့်တွေက ပြတင်းဆီရောက်သွားလိုက်။နံရံပေါ်က ပန်းချီကားချပ်တွေပေါ်ရောက်သွားလိုက်။စိုနက်သော မျက်တောင်ရှည်တွေနဲ့ မျက်လွှာ အပင့်အချတိုင်း သူပင့်သက်ရှိုက်မိမလိုပင် ဖြစ်ဖြစ်သွားရ၏။
"စားလေ"
လတ်ဆတ်ပုံရှိတဲ့ လိမ္မော်သီးတွေကို အသာမေးငေါ့ပြကာ သူစကားစမိတော့ ကောင်လေးက နှုတ်ဆိတ်လျက်သားဖြင့် လိမ္မော်သီး တစ်လုံးကောက်ယူလိုက်ပြီး အပြင်သွားတော့မည့် ဦးလေးမင်းလွင်ကို လိုက်ကြည့်နေသည်။
"လည်နေဦးနော်...ဦးလေးသွားစရာရှိလို့"
ခေါင်းမငြိမ့်ချင် ငြိမ့်ချင်ဖြင့် အိမ်ပြန်ပြေးချင်နေတဲ့ ကလေးတစ်ယောက်ပမာ
အိမ်တံခါးမကြီးဆီမှနေ အကြည့်တွေ မခွာ။
သူ့ကို ကြောက်နေတာများလားဆိုပြီး မျက်ဝန်းချင်းဆုံသည့်အခိုက် ပြုံးပြမိပါရဲ့။
ခေါင်းငုံ့သွားပြီး လိမ္မော်သီး အခွံခွာနေတာ ပြန်ကို မော့မလာတော့။
ကလေးတစ်ယောက်နဲ့ ရင်းနှီးဖို့ မလွယ်ပါလားလေ။
"နောင်နောင်"
"ဗျာ"
တဗျာ ဗျာနဲ့ အသည်းယားစရာ။
သူသိသလောက် ဒီကလေး စကားသိပ်များတာပါ။
ရယ်မောပြုံးရွှင်နေတတ်တာတွေကိုလည်း ခဏခဏ မြင်ဖူးပါသည်။
သူ့ရှေ့မှာတော့ အသည်းငယ်တဲ့ ယုန်ကလေးလို။
"ကိုယ့်ကို Guide လုပ်ပေးနိုင်မလား"
"ဦး က ဘယ်သွားချင်လို့လဲ"
ရိုးသားစွာ မေးလာတာလေးက "ဦး" တဲ့လား။