ကြိုးစားထားပါတယ်လို့
အမြည်း တစ်ပိုင်းလောက် ချပြမယ်နော်
တစ်
အောက်အီးအီးအွတ်....
တုံ... တုံ... တုံ...
မနက်ခင်းလင်းကြက်တွန်သံနှင့်အပြိုင် ရွာဦးဘုန်းကျောင်းမှ တုံးခေါက်သံတို့ကား အညာဒေသ ကျေးလက်နေလူတို့အတွက် မင်္ဂလာနေ့သစ်အား ဖွင့်လှစ်ပေးလိုက်ဟန်ရှိ၏။
"အတာ...အတာ...ထတော့လေ...လင်းကြက်တွန်နေပြီ"
အိမ်ဦးခန်းမှ အဖေလှမ်းနှိုးသံကို ကြားသော်လည်း တုံ့ပြန်ဖို့ဝေးစွ၊ အင်း ဟူသော သံရှည်ဆွဲကာ ကိုယ်စောင်းပြန်၍ အိပ်ပြန်လေ၏။
"ဟဲ့....အတာ...မနက်ဆွမ်းမမှီဘဲ နေမယ် ထတော့ဟဲ့...ညည်းကိုနှိုးနေရတာကလည်း ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်နေရတယ်"
ဘုန်း...
အပေါ်ဖက်အိပ်ခန်းမှနေ၍ အတာခေါင်းရင်း ထရံအား ကန်သံကြောင့် လန့်နိုးလာရ၏။
"အမေတို့ကလည်းနော်...အလုပ်နားရက်မို့လို့ အေးအေးဆေးဆေး အိပ်ရတယ်ကို မရှိဘူး... တကယ်ပါပဲ"
သုတ်ခနဲထထိုင်ရင်း ဖွာလန်ကြဲနေသော ဆံပင်တို့အား ခေါင်းအုံးဘေးမှ ခေါင်းစည်းကြိုးလေးယူကာ ကပိုကရို စည်းနှောင်လိုက်သည်။
"ဘုန်းကျောင်းလုပ်အားပေးလေ.....ရှစ်နာရီလူအစုံလို့ ရွာဆော်အော်ထားတာကို...မိန်းကလေးဖြစ်ပြီး အပျင်းသိပ်ထူတာပဲ''
အိပ်ယာထနှိုးတိုင်း အမေ၏သြဝါဒများအား ကြမ်းပြင်ခြေဆောင့်ကာ နာယူရင်း ထမင်းထချက်ရ၏။
''မျက်နှာမသစ်ဘဲ အိုးခွက်မကိုင်နဲ့နော်''
''မီးအရင်မွှေးတာပါတော်...တစ်ခါလေးမေ့လို့ဖြစ်သွားတာကို ပြောမဆုံးတော့ဘူး''တစ်ခါလေး မျက်နှာမသစ်ဖြစ်ဘဲ ထမင်းချက်မိတာကို အမေဆိုသည်မှာ တစ်ရွာလုံးပတ်ပြောပြီး တစ်နှစ်လင်းသည်အထိလည်း ပြောမဆုံးနိုင်ဖြစ်နေသေး၏။ အိမ်အောက်မန်ကျည်းပင်အရိပ်၌ စုပုံထားသော ကိုင်းခြောက်အသေးလေးများများကို သွားပွေ့လာပြီး အရင်မီးမွှေးလိုက်၏။ ထို့နောက် အိမ်အောက်ပြန်ဆင်း၍ စဥ့်အိုးထဲမှရေနှင့် မျက်နှာအရင်သစ်လိုက်သည်။ ပြီးမှ ညနေတည်းက ဆန်ဆေးထည့်ထားသော အိုးကိုယူ ရေအနေတော်ထည့် အရှိန်ကောင်းနေသော မီးဖိုပေါ်တည်လိုက်တော့သည်။ ညကနှပ်ထားသော ဝက်ရိုးနဲ့မျှစ်ချဥ်ဟင်းအိုးအား နွေးနေစေရန် မီးဘေးကပ်ထားလိုက်သည်။
ဘုရားစင်ပေါ်မှ သောက်တော်ရေခွက်များယူကာ ရေအသစ်လဲ၊ ဘုရားပန်းရေများ လဲလှယ်သည်။ အတာတို့များ အိပ်ယာထချိန်လေးသာ ပျင်း၍ ထလာပြီဟေ့ ဆိုလျှင်ဖြင့် အငြိမ်မနေဘဲ အလုပ်ရှာလုပ်နေတတ်သူပင်။ အိမ်ပေါ်မှအလုပ်များပြီးသည်နှင့် ထမင်းအိုးရေခမ်းနေလေပြီဖြစ်သောကြောင့် အောက်တွင်နှပ်ကာ ရေနွေးတည်လိုက်သည်။
YOU ARE READING
ဤသို့ အစပြုခဲ့သည်
RomanceDr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်ပါလား