တစ်ဆယ့်တစ်
မိုးစက်တွေ များသထက်များလာလေသောကြောင့် အတာ မနေသာတော့ဘဲ
''အပင်အောက်မှာ မိုးခဏခိုကြရအောင်လေ''
''မှောင်သွားလိမ့်မယ်...မိုးက တော်တော်နဲ့ ရပ်ပုံမပေါ်ဘူး''
''မိုးရွာထဲ သွားရင် ဘယ်လိုမှ ခရီးတွင်မှာလည်း မဟုတ်တာ''
''ဟုတ်ပြီ...အတာ သဘောပါ''မလှိုင်သည် စက်ဘီးအား လမ်းဘေးတစ်နေရာ၌ ထိုးရပ်လိုက်သည်။ အတာ စက်ဘီးပေါ်မှ ဆင်းပြီး မိုးခိုရန်အလို့ငှာ ဘေးဘီဝဲယာသို့ မျက်စိကစားကြည့်လိုက်သည်။ မလှိုင်ကတော့ စက်ဘီးလဲကျမသွားစေရန် မြေညီသော နေရာ၌ ပြောင်ရပ်၌၍ ဒေါက်ထောက်နေ၏။ လမ်းဘယ်ဖက်၌ အရွက်များဝေဆာနေသော ထနောင်းပင်ငယ်လေးတစ်ပင်အား တွေ့လိုက်ရသဖြင့် အတာ ဝမ်းသာသွားရသည်။
''ဟို အပင်ရိပ်ကို သွားကြရအောင်...မိုးကသည်းလာပြီ''
ပြောလည်းပြောရင်း အဝတ်ထုပ်ကြီး ပိုက်ကာ အပင်အောက်သို့ ပြေးရသည်။ မလှိုင်လည်း နောက်မှလိုက်ပါလာ၏။ အပင်သည် အတာ့တစ်ရပ်စာလောက်ပဲရှိသောကြောင့် အောက်၌ ထိုင်ချလိုက်၏။ ထနောင်းပင်ပျိုသည် မိုးမယိုနိုင်အောင် လုံခြုံသော်လည်း နှစ်ယောက်စာအတွက်တော့ဖြင့် သက်တောင့်သက်သာခိုလှုံဖို့ရာ မလုံလောက်ပါချေ။
''ဘာလို့ ကိုယ်တစ်ခြမ်းစိုအောင် နေနေရတာလဲ...ဒီဖက်ကိုလာထိုင်လေ...အရပ်မှအားမနာ...အပင်ကနိမ့်ပါတယ်ဆို...ထိုင် ခိုမှပေါ့''
အတာ့နံဘေး၌ ထိုင်ရန် လက်ပြလိုက်တော့မှ မလှိုင်ဝင်ထိုင်လာ၏။ အတာ့အား စကားမဆိုဘဲ မှုန်မှိုင်းနေသော ပတ်ဝန်းကျင်ကိုသာ တမေ့တမောကြည့်နေလေ၏။ ဘေးတိုက်ကြည့်မြင်ရသော မလှိုင်မျက်နှာတစ်ခြမ်းသည် ချွေးစက်လား မိုးရေစက်ကြောင့်လား စိုရွှဲနေ၏။ နားသယ်စပ်မှ ဆံပင်တို့လည်းစိုစွတ်မှုကြောင့် အသား၌ ကပ်နေပေပြီ။ လက်ပြတ်ဝမ်းဆက်လေးဝတ်လာသော မလှိုင်လက်မောင်းသားတို့တွင် အသီးကလေးများထနေလေသော် အတာ မနေနိုင်ဘဲ
''ေအးနေတာလား''
''မအေးပါဘူး...ပူတောင်နေတာ...စက်ဘီးနင်းထားရလို့''မလှိုင်စကားသံအရ မောဟိုက်သံပါနေ၏။ လေဆန်ကို နင်းနေခဲ့ရသည်မှာ မလွယ်မှန်းအတာသိသည်။ သို့ပေသိ မလှိုင်မှာ အေးနေသည့်နှယ် လက်နှစ်ဖက်ကို တင်းတင်းပိုက်ထားလေ၏။ ရှေ့မှနေ၍ စက်ဘီးနင်းခဲ့သောကြောင့် ကိုယ်အရှေ့ပိုင်း၌ အတာ့ထက်ပို၍ စိုနေလေ၏။ အတာသည် အဝတ်ထုပ်အား ဖြည်၍ ချည်တဘက်ကြီးအား ထုတ်ယူလိုက်ပြီး
YOU ARE READING
ဤသို့ အစပြုခဲ့သည်
RomanceDr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်ပါလား