လေး
မဏ္ဍပ်အလှပြင်ဆင်ရန်အတွက် မနက်အစောသွားပြင်ရမည်ဖြစ်သောကြောင့် အတာ စောစီးထလိုက်သော်လည်း ဘေးနား၌ မလှိုင်မှာ မရှိတော့ပေ။ မလှိုင်သည် မနက်စောစော ထတတ်သူလည်းဖြစ်သည်။ မျက်နှာသစ်သွားတိုက်ရန် အောက်ဆင်းစဥ် လှေကားထိပ်တွင် မလှိုင်နှင့် တိုးသည်။ ရေချိုးပြီးစ လုံခြည်ရင်လျားပေါ်၌ တဘက်ကလေးပတ်လျှက် အထည်လစ်လပ်လျှက်ရှိသော လက်မောင်းသားတို့မှ ရေစက်အချို့ခိုတွဲလျှက် ရှိနေသေး၏။ မလှိုင်၏ မျက်နှာပေါ်တွင်လည်း ရေစက်အချို့ သီးခိုနေသေး၏။
''နိုးပြီလား... အတာ...အစ်မက ခုမှ နှိုးတော့မလို့''
''ဟုတ်...အစ်မလှိုင်တောင် ရေချိုးပြီးနေပြီ...အတာလည်း ရေချိုးလိုက်ရမလား''
''အေးသေးတယ်...အတာ...မဏ္ဍပ်ဆင်ပြန်လာပြီးမှပဲ ချိုးတော့''မလှိုင်ပြောသလို ချိုးရအောင်က အမေသည် မနေ့တည်းက ဤသို့မှာလိုက်သတဲ့လေ။
မနက် မဏ္ဍပ်ဆင်လာစဥ် ပွဲဝတ်မည့်အဝတ်အစား တစ်ခါတည်းလဲဝတ်လာ ဆိုပဲ။
ထို့ကြောင့်''အမေက မှာလိုက်တာရယ်...အဲ့ကို တစ်ခါတည်းအဝတ်လဲဝတ်လာဖို့လေ...ပြန်စရာမလိုအောင်တဲ့''
ပြန်စကားဆိုမိသောကြောင့် မလှိုင်၏ ပြုံးနေသော နှုတ်ခမ်းတို့မှာ ချက်ချင်းတည်သွား၏။
''ဟင်...အလုပ်တွေကူရဦးမှာကိုလေ...ပေပွသွားဦးမယ်ကွယ်...အစ်မ ပြောပေးမယ်နော်...သွား မျက်နှာသစ်ချေတော့...ပြန်လာမှချိုး...''
''ဟုတ်...အစ်မလှိုင်''အမေ့အမှာစကားဆိုလျှင်ဖြင့် အနည်းငယ်ပြန်ပြောလိုက်ရမှ နေသာထိုင်သာရှိသော အတာဟူသည်မှာ မလှိုင်၏ နှုတ်ထွက်စကားတိုင်း အလိုလိုခေါင်းငြိမ့်ဇာတာ ပါလာလေစလား မသိတော့ပါ။
ပွယောင်းနေသော ဆံပင်တို့အား တစ်ချက်ဆွဲကုတ်ဖွပြီး အောက်ဆင်းလိုက်သည်။ ရွာထဲမှ ကြာနီကန်ဆရာတော်၏ တရားသံကြားနေရ၏။ မနက်အစောမို့ သီချင်းအစား တရားဖွင့်ထားခြင်း ဖြစ်ပေမည်။ အတာတို့ကဲ့သို့ တောနေရွာလူများမှာမူ ပွဲတွေဘာတွေရှိမှသာ သီချင်းသံတွေ ကြားရတတ်ခြင်းဖြစ်၏။ တစ်ချို့သော ချမ်းသာသူတွေများ မင်္ဂလာပွဲလုပ်လျှင် မိုးလင်းပေါက် ဗီဒီယိုပြပေးကြ၏။ အတာတို့ဆို မဏ္ဍပ်ဆောက်သည့်နေ့တည်းက ဇာတ်ကားကြည့်ဖို့အရေး တစ်မျှော်မျှော်လုပ်ရသေး၏။ ယခု ကိုထူး မင်္ဂလာဆောင်၌ ဗီဒီယိုမပါနိုင်ချေ။ တစ်ညစာ ငှားရသည့်ငွေကြေးအတွက်လည်း မတတ်နိုင်။ စက်ဖွင့်ပေးသော သူအား ပိုက်ဆံပေးရသလို ဗီဒီယိုငှားခအတွက်လည်းပေးရ၏။ ထို့နောက် မီးစက်ဆီဖိုးလည်း ပေးရသေး၏။ ဒီကြားထဲ ပွဲလုပ်နေစဥ်အတွင်း စက်ပျက်မည်စိုး၍ စက်ပွဲဟုဆိုကာ ငှက်ပျောအုန်းပွဲကလည်း တင်ပေးရသေး၏။ အတာတို့လို သာမန်လူတန်းစားအတွက် စက်ငှားဖို့ဆိုသည်မှာ တကယ်မလွယ်လှပါချေ။ ခုဖွင့်နေရတာတောင် ကိုထူးသူငယ်ချင်းအောက်စက်လေးဖြစ်သည်မို့ ကူညီသတဲ့လေ။ ဆီဖိုးသိပ်မတတ်နိုင်၍ ကက်ဆက်လည်း ကူရသေး၏။ တရားခွေတောင် ကက်ဆက်နှင့်ဆောင်းဘောက်တွဲ၍ ဖွင့်နေပုံရ၏။
မီးစက်ငှားခနှင့် ဓာတ်ဆီဖိုးသာ ကုန်ကျမည်ဖြစ်သည်။
VOUS LISEZ
ဤသို့ အစပြုခဲ့သည်
Roman d'amourDr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်ပါလား