15

2.9K 225 6
                                    

တစ်ဆယ့်ငါး

''အကို...တစ်ခုခုစားကြရင် မကောင်းဘူးလားဟင်''
''ခင်ဦး ဘာစားချင်လို့လဲ...''
''မေမော်တို့ကော ဘာစားကြမလဲ''
''ထမင်းပဲဝယ်စားကြရအောင်...ဗိုက်က သိပ်ဆာနေပြီ...အတာရော''

အတာတဲ့။ ယခုမှပဲ အတာ့ကို သတိရကြသည်ထင်၏။ သီတင်းကျွတ်လပြည့်နေ့၌ ရွာတွင်း ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူခဲ့ပြီး ခင်ဦးတို့အတွဲအဆွယ်ကောင်းသဖြင့် မြို့တက်လည်ကြသည်။ မေမော်တို့အတွဲလည်း ပါလာ၏။ အတွဲနှစ်တွဲကြားထဲ အတာတစ်ယောက် ကန့်လန့်ပါလာ၏။ နေ့လယ်ဆယ့်နှစ်နာရီ ရုပ်ရှင်ကြည့်ကြဦးမည်လည်း ပြောနေကြသည်။

''တကယ်က ငါပဲ စားစရာလူပါသလားလို့လေ''
''ဘာလို့တုန်း...တို့လည်း ဆာတာပေါ့ဟ''
''မသိဘူးလေ...နင်တို့ပဲ အချစ်တွေနဲ့ ပြည့်နေတာဆို''
''ပြည့်ခဲ့စဥ်ပြည့်ပြီးပြီလေ...ဒါပေမဲ့ အခုတော့ အတူစားဖို့လိုလာပြီ...နော် မေမော်''
''ဟုတ်ပ...ဒါမျိုးတွေ အတာ နင်နားမလည်ပါဘူး...လည်မှာလည်း မဟုတ်တော့ဘူး''
''ဟွန့်...မလည်ချင်နေပေါ့...''

အတာတို့ မြို့တက်ဖြစ်တိုင်း စားနေကျ ထမင်းဆိုင်လေးတွင် ဝင်စားဖြစ်ကြသည်။ ခင်ဦး မေမော်တို့များ ရေနွေးဆိုလည်း ငှဲ့ပေးသူရှိသလို ထမင်းဆိုလည်း ခွံ့ကျွေးမတတ်။ အတွဲမပါသော်ငြား အတာ့အတွက် အမြတ်များခဲ့ပါ၏။ စုံတွဲနှစ်တွဲ ဆိုရင်ဖြင့် အချင်းချင်း ကလူကြည်စယ်လိုက် အပိုတွေလုပ်ပြလိုက်ဖြင့် ထမင်းဆာနေလည်း ရှက်ရဲရဲစားနေကြသည်ဖြစ်ရာ ဟင်းမှန်သမျှ အတာ့ဗိုက်ထဲရောက်ရချေ၏။
ထမင်းဖိုးရှင်းသောအခါလည်း ယောက်ျားနှစ်ယောက်သူရှင်းငါရှင်း ဖြစ်နေသောကြောင့် အတာသည် လုံးလုံးအလွတ်သာကြီး ဖြစ်နေလေတော့သည်။ ထို့နောက် ရုပ်ရှင်လက်မှတ်ဖြတ်လည်း သူတို့၊ ရုံအတွင်း စားသောက်ရန်ဝယ်သောအခါ၌လည်း သူတို့၊ နံဘေးနား သူတို့သက်ဆိုင်ရာလေးတွေ ရှက်နေသောအခါ သိမ်းကြုံးစားသောက်ရသူမှာ အတာသည်သာ။ နေကြာစေ့လေးနွှာပေးလိုက် ရေကလေးတိုက်လိုက် ပခုံးလေးဖက်လိုက်ဖြင့် အတွဲများသာယာချိန်တွင် အတာသည် ပိတ်ကားပေါ်မှ ဇာတ်ကားကိုသာ ပြူးပြဲကြည့်ရတော့သည်။ အတွဲလေးတွေ သာယာနေသောအချိန်တွင် အမှန်တကယ်ပဲ တကယ်ရည်းစားလိုချင်ခဲ့ပါသည်။ အတာလည်း အချစ်ခံချင်နေခဲ့ပါသည်။
အေးစိမ့်စိမ့်ရုံထဲမှ ပျင်းရိစွာ ထွက်လာသောအချိန်တွင် ဟိုအတွဲတွေဖြင့် လက်ကလေးကိုယ်စီယှက်တွယ်လို့။

ဤသို့ အစပြုခဲ့သည်Opowieści tętniące życiem. Odkryj je teraz