ယနေ့လို အဖြစ်မျိုး ငယ်ငယ်ကလိုချင်ခဲ့ပေမဲ့ ခုတော့ လုံးဝမလိုချင်တော့ပေ။ ကိုထူးအိမ်ထောင်ကျပြီး တစ်ဖက်ရွာ၌ နေတာမကြာသေး၊ ဘကြီးအိမ်တွင် သိသိသာသာ ကိုထူး၏ အသုံးဝင်မှုကို သိလိုက်ရသည်။ နို့ဆွဲနေသော နွားမကြီးသည် အစာခြောက်အား ကောင်းစွာမစားသဖြင့် မြက်နုနုရှိသော လယ်ကန်သင်းဘောင်တွေမှာ လိုက်ကျောင်းပေးဖို့ လိုလာ၏။ ခါတိုင်းဆို ဒါတွေက ဘကြီးမအားလျှင် ကိုထူးလုပ်ပေးနေကျ။
သည်နေ့တော့ဖြင့် အိမ်ကအဖေနှင့်ဦးကြီးတို့ တစ်ဖက်ရွာ အလှူသွားလေသောအခါ အားနေသူ အတာသည် ဧကန်စင်စစ် နွားကျောင်းသားလုပ်ရတော့၏။ လွယ်အိတ်ထဲ လောက်စာလုံးလေးနည်းနည်းထည့်၊ လေးခွလေးယူ၊ သစ်သားတုတ်ရှည်လေးဆွဲလျှက် နွားကျောင်းထွက်ရလေ၏။ နွားမအပြင် သူ့ကလေးပေါက်စတစ်ကောင်၊ နှစ်နှစ်သားလေး တစ်ကောင်၊ နောက် နို့မြက်ဟု၍ တစ်ခြားသူများလာရောင်းထားသော နွားကတစ်ကောင် စုစုပေါင်း လေးကောင်ကျောင်းရမည်။ ခိုင်းနွားတွေသာ ကျောင်းခိုင်းလျှင် အတာနိုင်မည်မဟုတ်။ ခိုင်းနွားကြီးများသည် လူကိုလည်း အခန့်မသင့်က ရန်ရှာတတ်သေး၏။ မိုးအုံ့ရက်များဆို ထိန်းမနိုင်သိမ်းမရ ကြွတတ်ကြသေး၏။ အဲ့သည်အချိန်မျိုးဆိုလျှင်ဖြင့် ကြိုးကို သေချာချည်ထားမှရလေသည်။ လွှတ်လျှင်တော့ မြင်သမျှ နွားသာမက လူကိုပါ ဝှေ့တတ်ကြသည်။ရွာတောင်ပိုင်း ကြက်သွန်နှုတ်ပြီး ပစ်ထားသော လယ်ကွင်းထဲ၌ မြက်နုများစွာ စိမ်းဖန့်နေ၏။ ကန်သင်းဘောင်ဘေး၌လည်း စားချင့်စဖွယ် မြက်စိမ်းတို့က ထိုးထိုးထောင်ထောင်။ စားကျက်ကောင်းတွင် နွားများ လွှတ်ထားပြီး ကန်သင်းဘောင်၌ ပေါက်ရောက်သော ဇီးချဥ်သီးပင် အရိပ်တွင် အတာ ထိုင်ချလိုက်သည်။
''ဇီးသီးရှိနေတာ မေ့ပြီး ငါကလည်း ဆားမှုန့်လေးတောင် မယူလာခဲ့ရဘူး''
တစ်ယောက်တည်းရေရွတ်ရင်း ကြွေကျထားသော ဇီးသီးမှည့်များကို ကောက်စားလိုက်သည်။ အမှည့်တွေကြောင့် သိပ်ပြီးချဥ်မနေ။
တစ်ယောက်တည်း ပျင်းပျင်းဖြင့် သီချင်းဆိုရအောင်လည်း မည်သည့်သီချင်းမှလည်း မယ်မယ်ရရ မဆိုနိုင်။ အိမ်၌ ကက်ဆက်လေးပင် ဘက်ထရီလေးသွင်းနိုင်သလောက်သာ နားထောင်ရသည်ကိုးလေ။ ဘက်ထရီကုန်ရင် မြို့အထိသွားပြီး အားသွင်းရသည်။ ဓာတ်ခဲကုန်လျှင်လည်း ဓာတ်ခဲဖင် မီးကင်၍ ရနိုင်သလောက်ကို ဖွင့်ကြည့်မိသေးတာပင်။
YOU ARE READING
ဤသို့ အစပြုခဲ့သည်
RomanceDr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်ပါလား