Unicode
"အားကျန့်..ညကျလာဖြစ်အောင်လာခဲ့နော် "ဆိုတဲ့
ဒေါ်လေးရဲ့စကားကြောင့် ရှောင်းကျန့်မှာမငြင်းနိုင်ပဲ ပွဲကျင်းပရာနေရာသို့ လာခဲ့ရသည် ။ပိုက်ဆံရှိအသိုင်းအဝိုင်းတွေကြားမှာ တကယ်ပဲ ရှောင်းကျန့်အဖို့ စိတ်ကျဉ်းကြပ်လှပါသည် ။အပေါ်ယံဂုဏ်ပကာသနတွေထဲနှစ်မြောပြီး မျက်နှာဖုံးအတုတွေတပ်ဆင်ထားသူတွေရဲ့ မတူသလိုမတန်သလိုအကြည့်များကိုလဲ လျစ်လျူရှုရဦးမည်။
'တင်မ်....'
"ဒေါ်လေးထွက်မကြိုတော့ဘူး ဝင်ခဲ့လိုက်နော် "ဆိုပြီးဝင်လာတဲ့စာကြောင့် လက်ထဲကဖုန်းကို ဘောင်းဘီအိပ်ကပ်ထဲထည့်ကာ ကြီးမားလှတဲ့ ခြံထဲသို့ တစ်လှမ်းချင်းဝင်ခဲ့လိုက်သည် ။ပွဲရဲ့အပြင်အဆင် ကမှင်သက်ချင်စရာ လှပလွန်းလှသည် ။ဒါကြီးက ချမ်းသာသူတွေရဲ့ဂုဏ်ဒြပ်တစ်ခုပေါ့ ။သူ့အမျိုးတွေက ချမ်းသာမှုကိုလိုချင်လွန်းလို့ အမိအရဖမ်းကြပြီး သူ့ကျမှမုန်းလို့နေပြန်သည် ။ဘယ်သူကအမှန်လဲဆိုတာမသိပေမဲ့ သေချာပေါက်သူတော့မမှားပေ ။
"အားကျန့်...လာ..လာ ။ဒေါ်လေးသူငယ်ချင်းတွေကိုဧည့်ခံနေတာနဲ့ ထွက်မကြိုလိုက်ရဘူး ။"
မြက်ခင်းစိမ်းပေါ်ဖြတ်ပြီး ဒေါ်လေးကသူ့ဆီလှမ်းလာနေသည်။နောက်ပြီး သူ့လက်ထဲသို့ ဝိုင်ခွက်လေးတစ်ခုထည့်ပေးလာသည် ။
ရင်ညွှန့်အထက်ထိသာပါသော အကျီအနီရောင်ဂါဝန်လေးက ဒူးအထက်ထိသာရှိသည် ။သူ့ ဒေါ်လေးက အသက်(၃၉)ဆိုတာ ရှောင်းကျန့်တောင်မယုံချင်ဖြစ်လာပြီ။ ဒါက ချမ်းသာခြင်းရဲ့ကောင်းကျိုးများလားလို့ မဆီမဆိုင်တွေးမိသေးသည် ။
"ရပါတယ်..ကျွန်တော်က ကလေးမှမဟုတ်တာ ။"
"အဟင်း...ဒေါ်လေးမျက်လုံးထဲမှာတော့ အားကျန့်က ကလေးလေးတုန်းပဲ ။"
ဒေါ်လေးက သူ့ခေါင်းကဆံပင်ကိုပွတ်သပ်ပြီးပြောလာသည်။ ဒေါ်လေးက ငယ်ငယ်ကတည်းက သူ့အပေါ်အရမ်းကောင်းလွန်းပေးခဲ့လို့ပဲ ဒေါ်လေးရဲ့လုပ်ရပ်ကို ရှောင်းကျန့်ကဘာတစ်ခွန်းမျှမပြောခဲ့ခြင်းပါ။ မဟုတ်ရင် မုဆိုးဖို သူဌေးကြီးကို ယူလိုက်တဲ့ သူ့အဒေါ်ကို ရှောင်းကျန့်က သူမလောက်နီးနီး အမြင်မကြည်ဖြစ်မိပေလိမ့်မည် ။