Love you more than I can
Short story (gl)
"ပြန်တွေ့တဲ့အထိမ်းအမှတ်နဲ့ သီချင်းတစ်ပုဒ်လောက်ဆိုမပြချင်ဘူးလား"
သူမက အလှဆုံးအပြုံးတစ်ပွင့်နဲ့ ကမ်းလှမ်းလာတယ်။ သူမအပြုံးတွေအောက်မှာ ကိုယ်က အကြိမ်ကြိမ်ကျရှုံးရတာကို သူမကောင်းကောင်းကြီးသိတယ်လေ...သူမရဲ့နှုတ်ထွက်စကားတိုင်းက ကိုယ့်အတွက်ငြင်းဆိုလို့မရနိုင်တဲ့ ရာဇသံတွေ...ငြင်းဆိုခဲ့မယ်ဆိုရင်လည်း သူမက ကိုယ့်ရဲ့နှလုံးသားအနက်ရှိုင်းဆုံးမှာတည်ဆောက်တဲ့ အချစ်တိုင်းပြည်ငယ်ကို အပြင်းဆုံးရာဇသံနဲ့ ဖျက်စီးပစ်ဖို့ တွေဝေမှာမဟုတ်ဘူး။ ခြောက်နှစ် တစ်လနဲ့ နှစ်ရက်...ပြက္ခဒိန်ကရက်တွေကိုရေတွက်မယ်ဆိုရင် ရက်ပေါင်းအားဖြင့် နှစ်ထောင့်နှစ်ရာနှစ်ဆယ့်သုံးရက်(၂၂၂၃)...ဒီအချိန်ကာလက သိပ်ကိုကြာလွန်းတယ်လေ...ရုတ်တရက်ပြန်ဆုံတွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိမ်းသက်နေဖို့ လုံလောက်တဲ့အချိန်ကာလလို့ထင်တယ်။ ဒါပေမယ့် သူမကတော့ ပုံမှန်အတိုင်း...စိမ်းသက်နေတာမျိုးမရှိဘဲ ရင်းရင်းနှီးနှီးဖြစ်နေတယ်...။
"ငါ့ဂစ်တာသွားယူလိုက်ဦးမယ်"
တည်ငြိမ်နေပြီဖြစ်တဲ့ ရင်ခုန်သံကို သူမက တကူးတကလာရောက်ပြီး ပြန်လည်ဆူညံအောင် အသက်သွင်းလေရဲ့။သီချင်းတစ်ပုဒ်ဆိုပြတဲ့...တကယ်လို့ကိုယ်ဆိုပြရင် သူမ စိတ်မဆိုးဘူးလို့အာမခံနိုင်လို့လား...ထပ်ပြီး ရက်စက်မှာကို တကယ်မခံစားနိုင်တော့လို့။
"နင် ဂစ်တာတီးနေတဲ့အချိန်က ကြည့်အကောင်းဆုံးဘဲ ကြိုးတွေပေါ်မှာ လှုပ်ရှားနေတဲ့ နင့်လက်ချောင်းတွေက တကယ်လှတယ် ဂစ်တာနဲ့ တကယ်လိုက်ဖက်တယ်"
ဂစ်တာကြိုးညှိနေတုန်းမှာ သူမက တောက်ပတဲ့မျက်၀န်းအစုံနဲ့ တတ်ကြွစွာ ချီးကျူးစကားဆိုလေရဲ့။ ဪ...ကိုယ့်ရဲ့ ဒီလိုပုံရိပ်က သူမတစ်ယောက်ထဲကိုဘဲ မြင်ခွင့်ရစေတာကို မသိခဲ့ဘူးလားလေ။
"မြို့ပြရဲ့အလယ်မှာ~တစ်ယောက်ထဲမို့~ ကြင်နာသူ အားငယ်နေမလား~ ဒီခရီးမှာ အဖော်မွန်ရယ် တစ်ယောက်လောက်တော့~ဒီအချိန်မှာ မင်း~လိုချင်နေမလား~လွန်နေတဲ့အမောလည်း~ကူဖျောက်ပေး~ စိုနေတဲ့ချွေးလည်း~ ကူသုတ်ပေး~လိုအင်ဟူသမျှပြည့်၀စေမှာ~ အားကိုးလိုက်စမ်းတော့မေရာ~~"