My goddess...
Oneshot
ဘ၀အကြောင်းပြောရရင် မှောင်မိုက်တိတ်ဆိတ်တဲ့ အခန်းထောင့်တစ်နေရာက ခပ်သဲ့သဲ့ ငိုရှိုက်သံတွေသာ ကြီးစိုးခဲ့ဖူးတာ။ လူနှစ်ယောက် သိပ်ချစ်ကြလို့ တစ်ဘ၀လုံးအတူလက်တွဲဖြတ်သန်းကြသတဲ့...ကြင်ကြင်နာနာတွဲထားတဲ့ လက်တစ်စုံက တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်များ နာကျင်အောင်လုပ်ကြတာလဲ။ တစ်ချိန်က တစ်ဦးကိုတစ်ဦး ချိုသာကြည်နူးစွာပြောခဲ့တဲ့ စကားသံတွေက ရုန့်ရင်းကြမ်းကြုတ်တဲ့ ဆူဆဲသံတွေအဖြစ်ပြောင်းသွားတာဘာကြောင့်လဲ။ အပြုံးတွေဖလှယ်ဖူးတဲ့ ချစ်သူနှစ်ဦးကြားမှာ အမုန်းတွေသာဆင့်ကဲစေခဲ့တာ ဘာကြောင့်လဲ။ မျက်ရည်တွေကြားကနေ မပီပြင်ဝိုးတဝါးမြင်ခဲ့ဖူးတဲ့ ဝေဝါးဝါးပုံရိပ်တွေက တစ်ဘ၀လုံးဖျောက်မရတဲ့ အရိပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားတာ ဘာကြောင့်လဲ။ ကလေးဘ၀က မပြည့်စုံတဲ့မိသားစုမှာ ချစ်ခြင်းမေတ္တာပျောက်ဆုံးခဲ့ရပြီး ပျော်ရွှင်မှုဆိတ်သုဉ်းခဲ့တာ ဘာကြောင့်လဲ။ မေးခွန်းတွေရှိပေမယ့် အဖြေတွေတော့မရှိခဲ့ဘူး။
နွေးထွေးမှုမရှိတဲ့ အိမ်ကိုစွန့်ခွာခဲ့ရပြီးတော့ အေးစက်ခြောက်ခြားစရာကောင်းတဲ့ ဂေဟာငယ်ကို ရောက်သွားရပြန်ရော။ မြင်နေကြ ဝေဝါးဝါးရန်ပွဲတွေတော့ ဆိတ်သုဉ်းသွားခဲ့ပြီ...အင်း...သူတို့က ကောင်းကင်ဘုံမှာ ဆက်ပြီးရန်ဖြစ်နေကြမလား။အရင်ကတော့ ဒီလူသားက ရန်ပွဲတွေရဲ့ ပွဲကြည့်ပရိတ်သတ်...မထင်ခဲ့ပါဘူး...အခုလိုမျိုး ဒီလူသားကိုယ်တိုင် ရန်ပွဲတွေကို အစပျိုးပါ၀င်မိမယ်မှန်း။ ချစ်တာတွေမေတ္တာတွေမရှိဘူး...ကြီးနိုင်ငယ်ညှင်းဝါဒတွေကြားမှာ ဒီလူသားရင်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကိုမွေးမြူမိပြန်ရော။ အင်း...မကောင်းဆိုးဝါးက တစ်ခါတလေ ကောင်းကျိုးပေးတဲ့အချိန်လည်းရှိတာဘဲ...တစ်ပါးသူရဲ့ နာကျင်မှုက ဒီလူသားအတွက်ပျော်စရာဖြစ်လာတာ။ ကြောက်ရွံ ရွံ့ရှာတဲ့အကြည့်တွေနဲ့ အသားကျပြီး ဒီလူသားမှာ အာဏာစက်တစ်ခုရှိလာရဲ့။ လောကမှာ အရေးကြီးဆုံးက အကြောက်တရားဘဲ...လူတိုင်းက ကြောက်တဲ့အခါ ထိန်းချုပ်ဖို့လွယ်ကူသွားလေရဲ့။ မကောင်းဆိုးဝါးအသွင်ပြောင်းသွားတဲ့ ဒီလူသားက ဆယ်နှစ်တာကာလ ကုန်သွားတဲ့အခါ ဂေဟာငယ်ကိုလည်း စွန့်ခွာရခဲ့ရတယ်။ နောက်ဆုံးခိုနားရာက လမ်းမထက်။ အမှောင်လောကမှာ ဒီလူသားအတွက်တစ်နေရာက အသင့်ရှိနေတယ်လေ။ တစ်စစီပျက်စီးနေတဲ့ ပုံပမ်းသဏ္ဍာန်မှာ ဒီလူသားက မိန်းကလေးတစ်ယောက်ဆိုတဲ့အမှန်တရားပါ ကွယ်ပျောက်သွားသလို။ လက်ဖျံနှစ်ဖက်က အပ်တွေနဲ့ယဉ်ပါးလာသလို နှုတ်ခမ်းနှစ်လွှာကြားမှာလည်း စီးကရက်တစ်လိပ်က အမြဲလိုလိုတငွေ့ငွေ့လောင်ကျွမ်းလို့။ လေမှာလွင့်နေသလိုစိတ်ခံစားမှုကို အထွဍ်အထိပ်ရောက်စေတဲ့ အဖြူရောင်ဆေးမှုန့်တွေနဲ့ ပန်းရောင််ဆေးပြားတွေကလည်း ဒီလူသားအင်္ကျီအိတ်ထဲမှာ အမြဲရှိနေတတ်သေးတယ်။ ဒီလူသားက တကယ်ကို ပြုပြင်လို့မရအောင် တစ်စစီပျက်စီးနေခဲ့ပြီ။