ပဲခင်းရှေ့ရပ်လာသောဂျစ်ကားအစိမ်းလေးသည် ဖုန်များတဲ့ရွာလမ်းကိုဖြတ်သန်းလာခဲ့မှုကြောင့် အစိမ်းရောင်မဟုတ်ပဲ အဖြူရောင်ဟု ပြောင်းလဲသတ်မှတ်၍ရလောက်သည့် အခြေအနေပင် ဖြစ်နေ၏။
ကားရပ်လိုက်သည့်အခါ မြေကြီးပေါ်ခြေချလိုက်မိသည်နှင့် ပူပြင်းတဲ့နေရှိန်က ခြေဖမိုးတစ်ခုလုံးကို ပူရှိန်းသွားစေသည်။ ဟိုဆော့ မျက်နှာကိုလက်နှင့်ကာရင်း ပဲခင်းထဲမှလူတွေကိုအကဲခတ်ကြည့်နေချိန် ဘေးတွင်ရပ်လာသော အရိပ်တစ်ခု။ သူ့ဘေးတွင်ရပ်နေသည့် သူဌေးမင်းကလည်း ဆာမိကို ပဲခင်းထဲရှာနေတဲ့ပုံပင်။
သူလည်းပဲ ပဲပင်တန်းတွေကြားတွင် ကုန်းကုန်းကွကွနဲ့အလုပ်များနေသူကြား ဆာမိကို တွေ့အောင်ရှာရသည်။ သို့သော် ကြာကြာမရှာလိုက်ရ။ ဆာမိ၏ကိုယ်ပိုင်အမှတ်တံဆိပ်အသားရောင်က လူအများကြားတွင် ထင်းနေတာကြောင့် ရှာရလွယ်သွားသည်။
ဆာမိကို တွေ့တာနဲ့ ဟိုဆော့ ရပ်နေရာမှခြေလှမ်းတွေကို ရှေ့ဆက်တော့ မျက်နှာထက်အုပ်မိုးလာတဲ့အရိပ်တစ်ခုကြောင့် စူးရှရှနေရောင်ကို သိပ်မခံစားရတော့ပေ။ မျက်လုံးလှန်ကြည့်မိတော့ လက်ဖဝါးကြီးနှစ်ခုယှဉ်လျက် သူ့ခေါင်းပေါ်ကာပေးထားသူရဲ့မျက်လုံးဝိုင်းတွေက နေရောင်အောက်မှာ တောက်ပလျက်။
“နေတအားပြင်းတယ် ဆရာလေးရဲ့”
ညည်းညူသလိုပြောနေသော်လည်း သူဌေးမင်း၏မျက်နှာက သူနားမလည်နိုင်အောင် ပြုံးနေပါသည်။
ပြုံးပြုံးကြီးဖြစ်နေသည့် ဂျောင်ကုစိတ်ထဲမှအတွေးတွေကိုတော့ ဟိုဆော့ မကြားနိုင်ပါချေ။
“ခြေဖမိုးဖြူဖြူမှာ ဖုန်မတင်စေချင်သလို၊ မျက်နှာနုနုအပေါ်ကို နေမခစေချင်တာလည်း ကျုပ်ရဲ့ရိုးစင်းတဲ့အတ္တပါပဲ ဆရာလေးရယ်”
ဟိုဆော့ ထိုလက်ဖဝါးတွေကို ဖယ်ပေးဖို့မတောင်းဆိုမိတော့ပဲ ဆာမိရှိရာ ပဲပင်တန်းထိ နေရောင်ခိုကာ လိုက်လာခဲ့ပါသည်။ ဖယ်လို့ပြောလည်း ခေါင်းကြောတင်းတဲ့ သူဌေးမင်းက သူ့စကားကို အရာလုပ်မည်မဟုတ်ကြောင်း သူသိနေပါ၏။
YOU ARE READING
❛❛ချစ်သဝဏ်လွှာ❜❜ (REST)
Romanceကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...