ကာလသားခေါင်းကြီး၏အကူအညီဖြင့် စာသင်ကျောင်းကိုလိုက်ပြပေးမည်ပြောထားသည့် သူကြီးအိမ်သို့လိုက်သွားပါသော်လည်း သူကြီးက အိမ်မှာမရှိနေ။ “သူဌေးလေးရဲ့အိမ်ကိုသွားတယ်”ဟု သူကြီး၏အိမ်သူသက်ထားက ဆိုလာသည့်ကြောင့် ဟိုဆော့ တစ်ကြိမ်ရောက်ဖူးပြီးသည့် အိမ်ဆီသို့ ခြေလှမ်းဆက်ခဲ့ခြင်းပင်။
“လာ၊ ဆရာလေး ထိုင်”
သူကြီးက သူ့အိမ်လိုပင် ဟိုဆော့အား ဖိတ်ခေါ်နေသည်ကို ဂျောင်ကု ဒေါသထွက်ဖို့အာရုံမရသေးပေ။ သူအာရုံတွေသည် ထိုင်ခုံမှာဝင်ထိုင်ကာ သူကြီးကို အပြုံးမပျက်စကားပြောနေသူထံတွင် ပုံကျနေ၏။
“ကျုပ် လက်ခံပါတယ်”
အဆုံး၊အစမရှိ ထပြောသော ဂျောင်ကု၏စကား။ သူကြီးပင် တအံ့တဩနှင့်ကြည့်တော့ ဂျောင်ကုက ပြုံးစစဖြင့် ဟိုဆော့ကို တစ်ချက်ကြည့်ပြီး ရေနွေးကိုယူသောက်တော့ အခုချိန်ထိတိုင် အပူမပျယ်သေးသည့် အကြမ်းရည်ကြောင့် ဂျောင်ကု၏လျှာတွေ ထူပူသွား၏။
“ထွီး! အားပါးပါး! ပူလိုက်တာ”
“အော် သူဌေးလေးကလည်း၊ ဖြည်းဖြည်းချင်း မှုတ်သောက်မှပေါ့”
“ရပြီ ရပြီ။ ကျုပ်ပြောတာက ကျုပ်အိမ်မှာ သူကြီးတို့ဆရာလေးကို ထားမယ့်ကိစ္စကို လက်ခံတယ်လို့”
ကိုယ့်အဖြစ်ကိုယ်ရှက်သွားသည့်ဂျောင်ကုက ရေနွေးခွက်ကိုပြန်ချပြီး မျက်နှာမအီမသာနှင့် ပြောလာတဲ့စကားကြောင့် သူကြီး၏မျက်နှာက ဝင်းပသွားလေ၏။
“ကျေးဇူးပါပဲ သူဌေးလေးရယ်။ နောက်ကြုံတော့ အဘအိမ်မှာ ထမင်းဖိတ်ကျွေးပါအုန်းမယ်”
“မလိုပါဘူး၊ ကျုပ်က ဒီကဆရာလေးမလို့ လက်ခံပေးတာ”
မျက်လုံးတွေကို တောင်၊မြောက်ကစားရင်း ဂုတ်ပိုးကိုလက်နှင့်ပွတ်ကာပြောလာသည့်ဂျောင်ကုက ရှက်နေပါသည်ဆိုသည့်ဟန်။
“ကျုပ်ကို အိမ်နေရာပေးတာ ကျေးဇူးတင်ပါတယ်ဗျာ”
ဟိုဆော့ဘက်မှ ကျေးဇူးတင်စကားပြောလိုက်သည့်အခါ ဂျောင်ကု၏မျက်လုံးဝိုင်းတွေက ပုံမှန်ထက်ပိုပြီးဝိုင်းစက်သွားကာ ချစ်စရာကောင်းသည့် ခွေးပေါက်လေးသဖွယ်။ မသိမသာနီမြန်းသွားသည့်နားရွက်ဖျားလေးတွေက မျက်နှာကြောတင်း၊ ကပ်စီးကုတ်ပါသည်ဆိုသော ဂုဏ်ပုဒ်တွေနဲ့ကျော်ကြားသည့်သူဌေးမင်း၏ပုံစံနှင့် မလိုက်မဖက်။
YOU ARE READING
❛❛ချစ်သဝဏ်လွှာ❜❜ (REST)
Romanceကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...