V.1 Epilogue

619 71 1
                                    

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး
Volume 1 နိဂုံး-

မွေးနေ့ပွဲပြီးသွားတဲ့နောက်တော့ ငြိမ်းချမ်းတဲ့ဘဝပုံစံက ကျွန်မရဲ့ပတ်ဝန်းကျင်ကို ပြန်ရောက်လာတယ်။ ပွဲတက်ဂါဝန်တွေပြင်ဆင်ရတဲ့ကိစ္စနဲ့ အကလေ့ကျင့်ချိန်တွေလည်း မရှိတော့ဘူး။ ဒါကြောင့်လည်ပင်းကျိုးလုမတတ် ကြိုးစားရင်းအမီလိုက်နေစရာမလိုတော့ဘဲ သက်သက်သာသာနေနိုင်ပါပြီ။

ကျွန်မအချိန်အတော်ကြာ ပစ်ထားမိခဲ့တဲ့ စိုက်ခင်းတွေဆီကို အခြေအနေသွားကြည့်ဖို့ စိတ်ကူးပေါ်လာတယ်။ ပထမဆုံးအနေနဲ့ ခေါင်းစည်းပုဝါကိုပတ်၊ ဥယျာဥ်မှူးအဝတ်အစားအပြည့်ကိုဝတ်ပြီးမှ စိုက်ခင်းထဲဆင်းတယ်။

ဒီနှစ်နွေရာသီရိတ်သိမ်းချိန်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဂျာရက်မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တဲ့ မြေဩဇာကို ကျဲဖို့ကျွန်မစဥ်းစားထားတယ်။ ကိတ်ခ်လည်း ရောက်နေပြီ။ သူ့ကိုလည်း မြေဩဇာကူကျဲခိုင်းထားတာလေ။ ကျွန်မတို့စိုက်ခင်းဆီကိုရောက်တော့ ဂျာရက်လည်းပေါ်လာတယ်။

"ဟယ်လို၊ ကသရီးနား။ ဒီနေ့ခါတိုင်းလိုပဲ အလုပ်ကြိုးစားနေပါလား။"

"ဟုတ်သားပဲ၊ မင်းသားဂျာရက်။ ကျွန်မမွေးနေ့ပွဲကို လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ရှင့်ရဲ့မွေးနေ့လက်ဆောင်အတွက်ရောပဲ။ ရှင်ပေးတဲ့မြေဩဇာကို ခုချက်ချင်းသုံးတော့မလို့လေ။"

"အင်း... မင်းဒီလောက်မြန်မြန်ဆန်ဆန် သုံးလိုက်တဲ့အတွက် ငါဝမ်းသာပါတယ်။ မင်းကိုလက်ဆောင်ပေးရကျိုးနပ်သွားတာပေါ့။ တကယ်တော့ ငါကမင်းကို ဂါဝန် ဒါမှမဟုတ် မင်းဝတ်လို့ရမယ့် အဆင်တန်ဆာတစ်ခုခုဖြစ်ဖြစ် ဝယ်ပေးချင်ခဲ့တာ။ ဒါပေမဲ့... ကသရီးနားဆိုတဲ့မင်းက အဲဒီလိုလက်ဆောင်တွေကို လက်မခံဘူးလေ။" ဂျာရက်က ခါးသက်သက်ပြုံးရင်း ပြောလိုက်တယ်။

သူပြောသလိုပဲ အရင်ကဆိုရင် ဂျာရက်က ဂါဝန်တို့ နားကပ်တို့၊လည်ဆွဲတို့ ပို့နေကျပါ။ ဒါပေမဲ့ကျွန်မအမြဲတမ်း ငြင်းလွှတ်လေ့ရှိတယ်။ ကျွန်မကိုတုန်နေအောင်ချစ်တဲ့အဖေက ဂါဝန်လှလှလေးတွေ၊ လက်ဝတ်တန်ဆာလှလှလေးတွေ မပြတ်ဝယ်ပေးနေကျလေ။ ကျွန်မအဝတ်ဗီရိုထဲမှာဆိုရင် တောင်လေးတစ်တောင်လိုတောင် ပုံနေပြီ။ ကျွန်မအခန်းထဲမှာ အဝတ်တွေများလွန်းနေပြီလို့တောင် ခံစားရတယ်...

ကံဆိုးမိုးမှောင်ကျမယ့် ဗီလိန်မလေး Mm translationWhere stories live. Discover now