အခန်း(၁)- တော်ဝင်စံအိမ်

201 8 2
                                    

...

ပတ်ဝန်းကျင်ကား တိတ်ဆိတ်နေ၏။ တစ်ခါတရံ မှန်ပြတင်းကို လာရိုက်သော မိုးပေါက်များ၏ တဖျောက်ဖျောက်အသံမှလွဲ၍ ဘာအသံမှမရှိ။ ပြတင်းအပြင်ဘက်ရှိ လောကကြီးမှာလည်း မှုန်မှိုင်းထုံထိုင်း‌နေ၏။ ဤအရပ်သည် ရှင်လူတို့နေထိုင်ရာအရပ်နှင့် လားလားမျှမတူ။ သုသာန်တစပြင်ကဲ့သို့ပင် ငြိမ်သက်လို့နေသည်။

ဆွေးမြေ့နေသည့် အုတ်ကြမ်းနံရံထက်၌ နာရီအိုကြီးတစ်လုံးရှိပြီး ၎င်း၏လက်ယာဘက် နံရံအမြင့်ပိုင်းတွင် ဖုန်အလိမ်းလိမ်းတက်နေသော ပန်းချီကားဟောင်းကြီးတစ်ချပ်က နေရာယူထားသည်။ ယင်းပန်းချီကားထဲတွင် နဂါးနှစ်ကောင်ခြံရံထားဟန် ထွင်းထုထားသည့် ကျွန်းထိုင်ခုံကြီးပေါ်ထိုင်နေသော ဆေးတံကြီးကို မာန်ပါပါကိုင်ထားသည့် လူကြီးတစ်ယောက်၏ပုံတူရှိသည်။ ထိုလူ၏ မျက်လုံးများမှာ ‌နက်မှောင်နေပြီး နဂါးများပင်ကျိုးနွံခစားလောက်သည့် အရှိန်အဝါများပြည့်နှက်နေသည်။ ပန်းချီကားထဲမှမျက်ဝန်းများသည် အသက်ဝင်လွန်းသဖြင့် ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံကြည့်ရှူနေသကဲ့သို့ပင်။ မည်သည့်ထောင့်ချိုးလေးမျှမဆို သူ၏အကြည့်အောက်က မလွတ်နိုင်ပါချေ။

ယင်းပန်းချီထဲတွင် ထိုလူကြီးတစ်‌ယောက်သာပါသည်မဟုတ်။ အင်မတန်ကြွယ်ဝကာ အဆင့်အတန်းမြင့်မားဟန်ပေါ်သော အမျိုးသမီးတစ်ယောက်လဲ ပါသေးသည်။ ထိုအမျိုးသမီးသည် နဖူးမြင့်မြင့်ကို ဆံပင်အပြောင်သိမ်းကာ ဆံထုံးအမြင့်ထုံးထားပြီး ရွှေဖြင့်လုပ်သော‌ေဒါင်းဆံထိုးဖြင့် အလှဆင်ထားသည်။ လည်တွင်ဆွဲထားသော ဒေါင်းဘယက်မှ ဒေါင်းကြီးသည်လည်း ချက်ချင်းပါ ထကတော့မလို ရုပ်လုံးကြွနေသေးသည်။ သူမက ခုံပေါ်ထိုင်နေသော လူကြီး၏ပုခုံးပေါ်တွင် လက်တစ်ဖက်တင်ထားပြီး လက်ချောင်းတိုင်းတွင် ရတနာကိုးသွယ်စီခြယ်သော လက်စွပ်များအပြည့်ဝတ်ထား၏။ သူမ၏ မျက်ဝန်းများကမူ တစ်လောကလုံးအပိုင်စား ရထားသည့်နှယ် ဝင့်ကြွားလို့နေသည်။

ပန်းချီကားကြီး၏နဘေးတွင် ဓာတ်ပုံငယ်များများစွာကို အနိမ့်အမြင့်အလိုက် ချိတ်ဆွဲထားသေးသည်။ ယောက်ျားမိန်းမအစုံ၊ အသက်အရွယ်အစုံ၊ ပုံပန်းသွင်ပြင်အစုံဖြစ်၏။ အားလုံးသည် ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် ဂုဏ်သရေရှိအသိုင်းအဝန်းမှ အထက်တန်းလွှာပုဂ္ဂိုလ်များသာ ဖြစ်သည်။ သူတို့အားလုံး၏ အကြည့်များသည် ငါသာလျှင်အရှင်သခင်ဟူသည့် မာန်မာနနှင့် အတ္တ၏အငွေ့အသက်များကို တစ်ပြိုင်နက်ထဲ ထုတ်လွှတ်နေကြသကဲ့သို့ပင်။
.
.
.
သို့သော် သူတို့အားလုံး သေသွားကြပြီဖြစ်၏။

အသူရာစံအိမ်Tahanan ng mga kuwento. Tumuklas ngayon