အခန်း (၁)

159 17 2
                                    

Unicode

၁။ အရိုးဖြူဂိုဏ်း
______________

"ဂိုဏ်းတူအစ်ကြီး၊ ဂိုဏ်းတူအစ်ကြီး..."

တိုးတစ်ခါ၊ ကျယ်တစ်လှည့်ဖြင့် သူ့နားထဲအဆက်မပြတ်ဝင်ရောက်လာသောအသံကြောင့် လီစစ်မင်၏မျက်ခုံးတို့တွန့်ကုတ်သွားသည်။ ခဏအကြာမှာတော့ လီစစ်မင်၏မျက်တောင်ရှည်တို့ တဖျတ်ဖျတ်လှုပ်ခတ်လာသည်။ မျက်လုံးတို့ကိုစဖွင့်လိုက်ချိန်၌ သူ့ရှေ့ရှိမြင်ကွင်းကမှုန်ဝါးဝါးဖြစ်နေသည်မို့ သူ မျက်လုံးကိုပြန်ပိတ်ကာ ခေါင်းကိုတစ်ချက်မျှအသာခါလိုက်သည်။ သည်တစ်ကြိမ်မျက်လုံးပြန်အဖွင့်မှာတော့ သူ့ရှေ့ရှိမြင်ကွင်းက ရှင်းလင်းလို့သွားသည်။ သူ့မျက်လုံးထဲပထမဆုံးဝင်လာသည်က စိုးရိမ်နေသည်မျက်နှာထားဖြင့်ကောင်လေးတစ်ဦးဖြစ်၏။

လီစစ်မင်သတိရလာသည်ကိုတွေ့သည်၌ ကောင်လေးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချသည်။

"တော်သေးလို့။ အစ်ကိုကြီးနိုးလာပြီပဲ။ အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?"

လီစစ်မင်၏ဦးနှောက်က အပြေးအလွှားအလုပ်လုပ်သွားသည်။ ကောင်လေးအမည်က ရှကျင်းဟုခေါ်သည်။ ဂိုဏ်းချုပ်က သူနှင့်ရှကျင်းအပါအဝင်ဂိုဏ်းသားတစ်စုကို အနက်ရောင်သိုင်းဂိုဏ်းတစ်ခုဖြစ်ပြီး အဆိပ်ကိုအဓိကထားအသုံးပြုသည့် အရိုးဖြူဂိုဏ်းမှ အဆိပ်ဖော်စပ်ရာ၌ စမ်းသပ်ခံအဖြစ်အသုံးပြုရန်ဖမ်းဆီးထားသည့်လူများကိုကယ်ဆယ်ရန်တာဝန်ပေးခဲ့သည်။ သူတို့တွေက အရိုးဖြူဂိုဏ်းသားများကြားဝင်ရောကာ စုံစမ်းလှုပ်ရှားဖို့စီစဉ်ထားသော်လည်း ဘာကြောင့်မှန်းမသိ ရုတ်တရက်အဖမ်းခံလိုက်ရသည်။

"တခြားသူတွေရော။"

ဘေးဘီကိုဝေ့ကြည့်မိချိန်၌ အတူတူအဖမ်းခံလိုက်ရသည့်ဂိုဏ်းသားများကိုမတွေ့သည်မို့ လီစစ်မင် မေးလိုက်မိသည်။

"ကျွန်တော်‌လည်း မသိဘူး။ နိုးလာတော့ ကျွန်တော်နဲ့အစ်ကိုကြီးပဲရှိတယ်။"

ရှကျင်းကပြန်ဖြေသည်။ လီစစ်မင်က သူ့မျက်ခုံးကိုလက်ဖြင့်အသာအယာနှိပ်သည်။

The Greatest Villain Where stories live. Discover now