Unicode
၂။ သူတစ်ပါးဖန်တီးထားသောကမ္ဘာ
________________________အရိုးဖြူဂိုဏ်းက အဆိပ်ကိုအဓိကအသုံးပြုသည့်ဂိုဏ်းဖြစ်သည်မို့ ဂိုဏ်းသားတို့၏သိုင်းပညာအဆင့်မှာ အသင့်အတင့်မျှသာရှိပြီး အဆင့်မြင့်သိုင်းပညာတတ်မြောက်ထားသူနည်းပါးသည်။ သို့သော်ငြား ဂိုဏ်းချုပ်ခယ့်ရှင်းကတော့ မတူပေ။ သူမက သိုင်းပညာအဆင့်မြင့်မားပြီး လူထူးဆန်းငါးယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည့် အဆိပ်မယ်လင်းကျီ၏လက်ရင်းတပည့်ဖြစ်သည်မို့ သူမ၏သိုင်းပညာမှာမခေလှချေ။
ထို့အပြင် သူမက လီစစ်မင်ထက်တိုက်ပွဲအတွေ့အကြုံရင့်သည်မို့ ခဏအတွင်းမှာပင် လီစစ်မင်၏တိုက်ကွက်များကြားမှရုန်းထွက်ကာ လီစစ်မင်ကို တန်ပြန်တိုက်စစ်ဆင်လာသည်။ လီစစ်မင်က ငယ်ရွယ်ကာတိုက်ပွဲအတွေ့အကြုံနုသေးသော်ငြား သူ့ဖခင်က သိုင်းလောကခေါင်းဆောင်ဟောင်းဖြစ်ပြီး ဆရာဖြစ်သူလျိုထင်းကလည်း ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်ပေရာ ထိုသူတို့ထံမှသိုင်းပညာကိုဆက်ခံထားရသည်မို့ သူ့သိုင်းပညာက အတော်လေးမြင့်မားသည်ဟုဆိုနိုင်ပြီး ရွယ်တူတွေထဲမှာတော့ နံပါတ်တစ်ပင်။ ထို့အတွက် နှစ်ယောက်သားမှာ သူမသာကိုယ်မသာအနေအထားဖြင့်ရှိနေကြသည်။
ခဏအတွင်းမှာပင် တိုက်ကွက်ပေါင်းနှစ်ဆယ်အထိတိုက်ခိုက်ပြီးသွားကြပြီဖြစ်၏။ တစ်ကြိမ်တွင်တော့ လီစစ်မင်၏ဓားက ခယ့်ရှင်း၏လက်မောင်းကိုထိသွားကာ သူမလက်မောင်းဆီမှ သွေးများတပေါက်ပေါက်ကျလာ၏၊ သို့တိုင် သူမဝတ်ထားသည့်အနက်ရောင်အဝတ်အစားကြောင့် ဒဏ်ရာမှာသိပ်မသိသာလှပေ။
လက်ရှိအနေအထားအရ ဆက်လက်တိုက်ခိုက်နေပါက သူမရှုံးတော့မည်ဖြစ်ကြောင်း ခယ့်ရှင်းသဘောပေါက်လိုက်သည်။ သူမက နှာမှုတ်လိုက်ကာ အင်္ကျီလက်ကိုတစ်ချက်ယမ်းလိုက်သည်၌ အဖြူရောင်ဆေးမှုန့်တို့က လီစစ်မင်ရှိရာဆီပျံ့လွင့်လာ၏။ လီစစ်မင်က သူ့တိုက်ကွက်ကိုချက်ချင်းပြန်ရုတ်သိမ်းကာ ဆေးမှုန့်တို့နှင့်လွတ်ရာဆီရှောင်လိုက်သည်။ ခယ့်ရှင်းက ထိုသည်ကိုအခွင့်ကောင်းယူကာ စောစောကသူမဖတ်နေသည့်စာအုပ်အဟောင်းကိုတစ်ပါတည်းယူဆောင်ကာ အခန်းအပြင်ပြေးထွက်သွား၏။

YOU ARE READING
The Greatest Villain
Historical FictionA high mountain lotus has its charm. People want for it even in the cost of their lives. Start Writing Date : 23.5.2021 Re-publish date : 28.4.2022 Not written in English.